စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

Database အသုံးချခြင်းဆိုင်ရာ သင်တန်းပြုလုပ်ကျင်းပခြင်း

1
6
2
4
5
3
1 6 2 4 5 3

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေးဌာနခွဲ၊ မျိုးစေ့ဘဏ်ဌာနစုတွင် သီးနှံဗီဇ အရင်းအမြစ်ဆိုင်ရာမှတ်တမ်းအချက်အလက်များကို ကွန်ပြူတာစနစ်တွင် ထိန်းသိမ်းအသုံးပြု သည့် Database အသုံးချခြင်းဆိုင်ရာ နည်းပညာသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သီးနှံဗီဇအရင်းအမြစ်များနှင့် ပတ်သက်သည့် မှတ်တမ်းအချက်အလက်များအား ထိန်းသိမ်းခြင်းနှင့် သီးနှံဌာနခွဲများအနေဖြင့် မိမိတို့သီးနှံဌာနအမျိုးအစားအလိုက် မျိုးဗီဇ လက္ခဏာရပ်များ ကောက်ယူရာ၌ မျိုးစေ့ဘဏ်တွင်အသုံးပြုသည့် Descriptors များအသုံးပြု၍ ဆောင်ရွက်ပြီး Database တွင်ထည့်သွင်းအသုံးပြုခြင်းကို သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ဌာနအသီးသီးမှ မိမိတို့ နှင့်သက်ဆိုင်သော နည်းပညာပိုင်းဆိုင်ရာ သင်တန်းများဖွင့်လှစ် သင်ကြားပေးရန်လိုပါကြောင်း၊ ယနေ့ခေတ်ကာလသည် အချိန်နှင့်အမျှ နည်းပညာများတိုးတက်ပြောင်းလဲနေခြင်းကြောင့် ဆန်းသစ်သော အတွေးအခေါ်များနှင့် အချက်အလက်များကို လက်တွေ့အသုံးချ၍ ဗဟုသုတ ရရှိစေရန်အတွက် ယခုကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းက လေ့လာမှတ်သားထားသည့် ဗဟုသုတများကို ကျွမ်းကျင်စွာအသုံးချ၍ သုတေသနအချက်အလက်များ ထည့်သွင်းရာ၌ လက်တွေ့ အသုံးချရန် လိုအပ်ပါကြောင်း နှင့် သင်တန်းကာလအတွင်း Database နှင့်ပတ်သက်သောဗဟုသုတများ ပိုမိုတတ်ကျွမ်းပါစေကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်း၌ Microsoft access ကိုအသုံးပြု၍ ကောက်ယူထားသည့် သီးနှံဗီဇ အရင်းအမြစ်များနှင့် ပတ်သက်သည့် အချက်အလက်များကို ထိန်းသိမ်းခြင်း (Documentation and Database Management) ကို သင်ကြားပို့ချပေးပြီး Pre-breeding Process ကို ဆောင်ရွက်ရာတွင် အောင်မြင်စေရန်အတွက် သီးနှံဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ မျိုးစေ့ဘဏ်အနေဖြင့် မျိုးကူးစပ်သည့်ပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်း၍ သီးနှံပိုင်းဆိုင်ရာ လိုအပ်သည့် မှတ်တမ်းအချက်အလက်များကို ရွေးချယ်ဖော်ထုတ်ရန်အတွက် Database အသုံးချခြင်းဖြင့် အနာဂတ်မျိုးမြင့်တင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။