စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တောင်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (၁၂)ကြိမ်မြောက် ကျင်းပခြင်း

6
1
7
3
5
4
2
6 1 7 3 5 4 2

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေပြည်သူများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် ဝင်ငွေမြှင့်တင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန က နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိရာ အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကို အောက်တိုဘာလ (၂၁)ရက် နံနက်ပိုင်းက ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၌ (၁၂)ကြိမ်မြောက် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးပြုခြင်း နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အဖွင့်အမှာစကား ပြောကြားရာ၌ ဒေသတွင်းနိုင်ငံများမှ တောင်သူ လယ်သမားများနှင့် မိမိတို့တောင်သူလယ်သမားများ အကြား နည်းပညာ အသုံးချနိုင်မှု ကွာဟ ချက်ကျဉ်းမြောင်းလာစေရန် သုတေသီများ၊ နည်းပညာပြန့်ပွားရေး ဌာနများ၊ တောင်သူများ နှင့် သက်ဆိုင်သူအားလုံးတို့အနေဖြင့် ပိုမိုကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ တောင်သူများ အမှန် တကယ် ဝင်ငွေတိုးတက်ရန်မှာ သီးနှံအထွက်နှုန်း တစ်ခုတည်းအပေါ်မှာသာ မှီခိုနေ၍ မရနိုင်ပဲ ဈေးကောင်းရတွက်ခြေကိုက်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ မိမိတို့စိုက်ပျိုးထုတ် လုပ်လိုက်သည့် သီးနှံပင်တစ်ခုလုံးအကျိုးရှိရှိအသုံးချပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ် ကာ အပိုဝင်ငွေရရှိ စေမည့်နည်းလမ်းများကို အသုံးပြုရန်လိုကြောင်း၊ အလားတူရိတ်သိမ်းချိန် လွန်နည်းပညာများ  အသုံးပြုပြီး ရိတ်သိမ်းနောက်ပိုင်း ကြုံတွေ့ကြရသည့် သီးနှံလေလွင့် ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး နှင့် တန်ဖိုးမြင့် ကုန်ချောအမျိုးမျိုး အဖြစ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှသာ တောင်သူများအတွက်သိသာသည့် အကျိုးအမြတ်ကို ရရှိခံစား နိုင်ကြမည်ဖြစ်၍ ယနေ့ဆွေးနွေးပွဲတွင် မိမိတို့သိရှိလိုသည်များကို အကြေအလယ်ဆွေးနွေး လေ့လာသွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် အစားအစာ သိပ္ပံဌာနခွဲမှ ပညာရှင်များ က စပါးတစ်ပင်လုံး အကျိုးရှိစွာအသုံးပြုခြင်း နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများအား တင်ပြဆွေးနွေးကြရာ ဆွေးနွေးပွဲသို့တက်ရောက် လာကြသော ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ ၊ ဥတ္တရသီရိမြို့နယ်များမှ တောင်သူများ က သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲ မကျင်းပမီ နှင့် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် အစားအစာသိပ္ပံဌာနခွဲ က သုတေသနပြု ဆောင်ရွက်သည့် ကောက်ရိုးဖြင့် စက္ကူပြုလုပ်ခြင်း၊ တစ်ကီလိုနွားစာတုံးပြုလုပ်ခြင်း၊ မုန့်ဆမ်းပြုလုပ်ခြင်း၊ စွမ်းအင်မဲ့အအေးခန်း ၊ တီကျစ်စာ မြေဆွေး ထုတ်လုပ်ခြင်း လုပ်ငန်းများကို လက်တွေ့လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။