စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

(၈)ကြိမ်မြောက် တောင်သူပညာပေးဆွေးနွေးပွဲ (Farmers’ Technical Forum)ကျင်းပခြင်း

2
3
1
6
4
5
7
2 3 1 6 4 5 7

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိ သူများနှင့်တောင်သူများအကြား နီးကပ်စွာဆွေးနွေး အဖြေရှာဖော်ထုတ်ပေးနိုင်ရန် အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၃)ရက် နံနက်ပိုင်းက စိုက်ပျိုး ရေးသုတေသနဦးစီးဌာန ရေဆင်းရှိ စုဝေးခန်းမတွင်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ယခုကျင်းပသည့် တောင်သူ ပညာပေးဆွေးနွေးပွဲသည် ဒုတိယဝန်ကြီး၏ ဦးဆောင်မှုအစီအစဉ်ဖြင့် ဆောင်ရွက်လာခဲ့သည်မှာ (၈)ကြိမ်မြောက် တိုင်လာပြီဖြစ်ပါကြောင်း၊ ယနေ့(၈)ကြိမ်မြောက် ဆွေးနွေးပွဲတွင် ကျွဲ၊ နွားများ၏ကြီးထွားမှုကို အထောက်အကူဖြစ်စေရန် ကောက်ရိုးကို ပြုပြင်ကျွေးမွေးခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေး ပေးသွားမည်ဖြစ်ပါကြောင်း၊၊ တက်ရောက်လာပေးသည့် တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအား အချိန်ပေးတက်ရောက်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့ပညာရှင်များအနေဖြင့်လည်း ယခုလို တောင်သူများအားဖိတ်ခေါ်ဆွေး နွေးခြင်းအပြင် တောင်သူများ၏ ကျေးရွာများရှိ အသိပညာပေးစင်တာများထိ တောင်သူများ၏ ပြဿနာ၊ အခက်အခဲများကိုဖြေရှင်းရန်အတွက် နည်းပညာဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလိုပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် တောင်သူများ ဗဟုသုတရရှိစေရန်၊ လက်တွေ့အသုံးပြုလာနိုင်စေရန်အတွက် ကျွဲနွားများ၏ကြီးထွားနှုန်းကို အထောက်အကူ ဖြစ်စေရန် ကောက်ရိုးကို ယူရီးယားဖြင့်ပြုပြင်ကျွေးမွေးခြင်းနှင့် ကောက်ရိုးအသုံးပြု၍ အာဟာရဖြည့် နွားစာတုံးများ ကိုယ်တိုင်ပြုလုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျွဲနွားများ၏ကြီးထွားနှုန်းကို အထောက်အကူဖြစ်စေရန် “ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း” ခေါင်းစဉ်ဖြင့် မွေးမြူရေးသုတေသနဦးစီးဌာန၊ ဒေါက်တာ အောင်ဆန်းဝင်းမှ ဆွေးနွေးခဲ့ရာ ကောက်ရိုးကို ယူးရီးယားဖြင့်ပြုပြင်ရန်လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများအားလည်းကောင်း၊ ပြုလုပ်ပုံနည်းအဆင့်ဆင့်အားလည်းကောင်း၊ အကျိုးကျေးဇူးနှင့် တွေ့ကြုံရနိုင်သည့်အခက်အခဲများ၊ ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်း များအားလည်းကောင်း ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်မှ တောင်သူများသိရှိနိုင် စေရန်အတွက် ယူးရီးယားဖြင့်ပြုပြင်ထားသည့် ကောက်ရိုးကိုပြုပြင်ပြီး (၁၄)ရက်အကြာတွင် ကျွေးမွေးရာ၌ မကျွေးမီ (၆)နာရီခန့် လေသလပ်ထား ရသည်ဖြစ်ရာ (၆)နာရီမတိုင်ခင် ကျွေးခြင်းအားဖြင့် အဆိပ်သင့်မှုရှိမရှိ၊ အဆိပ်သင့်ပါက သိရှိနိုင်မည့် လက္ခဏာများနှင့် ပြန်လည်ကုသနိုင်မည့် နည်းလမ်းများအားလည်းကောင်း၊ တက်ရောက်လာသည့် တောင်သူများမှ ကောက်ရိုးကို ယူးရီးယားဖြင့်ပြုပြင်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ ဒေါက်တာအောင်ဆန်းဝင်းမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ဆက်လက်၍ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းနိုင်ထွန်းမှ လိုအပ်သည်များအား ဖြည့်စွက်ဖြေကြားပေးပြီး နွားမွေးမြူရေးလုပ်ငန်းရှင်နှစ်ဦးမှ ၎င်းတို့၏ ကျေးရွာများတွင် လက်တွေ့နည်းပညာ လာရောက်ဖြန့်ဝေပေးနိင်ခြင်း ရှိမရှိ မေးမြန်းလာ မှုအပေါ် လာရောက်ပညာပေးရန် ပညာရှင်များအားစေလွှတ်ပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းပေးရုံသာမက ခြံပိုင်ရှင်များနှင့် မိမိတို့ဌာနပူးပေါင်းကာ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ဖြေကြားပေးခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေါက်တာဥမ္မာခင်မှ “ကောက်ရိုးအသုံးပြု၍ အာဟာရဖြည့် နွားစာပြုလုပ်ခြင်း” သုတေသနခေါင်းစဉ် ဖြင့်ဆွေးနွေးခဲ့ရာ ကောက်ရိုးတွင် ပါဝင်သော လစ်ဂနင်ဓာတ်ကို ယူရီးယားအသုံးပြု၍ ချေဖျက်၊ ဖယ်ရှားခြင်းနှင့်စပ်လျဉ်း၍လည်း ကောင်း၊ လစ်ဂနင်ဖယ်ထားပြီးသောကောက်ရိုးအား အာဟာရဖြည့် နွားစာတုံးပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများနှင့် ပြုလုပ်ပုံနည်းအဆင့်ဆင့် တို့အားဆွေးနွေးတင်ပြခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေမှ အာဟာရဖြည့် နွားစာတုံးပြုလုပ်ရာတွင် မတ်ပဲသီးနှံအား ထည့်သွင်းစမ်းသပ် သုတေသနပြုစေလိုပါကြောင်း အကြံပေးပြောကြားခဲ့ပြီး တက်ရောက်   လာသည့်တောင်သူများမှ ကောက်ရိုးအား စနစ်တကျထိမ်းသိမ်းနည်းစနစ်များအား လည်းကောင်း၊ ပြုလုပ်ပြီး အဟာရဖြည့် နွားစာတုံး၏ ကြာရှည်ခံနိုင်မှုပမာဏ၊ အစာကျွေးရမည့်နည်းလမ်းများအားလည်းကောင်း စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီပညာရှင်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်မှတိုင်းတာဝန်ခံ၊ ဒုတိယတိုင်းတာဝန်ခံများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုဗ္ပသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့မှ ဖိတ်ကြားထားသော တောင်သူ(၄၅)ဦး စုစုပေါင်း(၁၅၃)ဦးတို့ တက်ရောက်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။