စွန့်ပစ်အမှိုက်မှသည် သဘာဝမြေဆွေးရရှိရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာ သင်တန်းကျောင်း(ရေဆင်း) တွင် (၁၃.၉.၂၀၂၃) ရက်နေ့ နံနက် (၈ : ၀၀) နာရီ အချိန်က စွန့်ပစ်အမှိုက်မှသည် သဘာဝမြေဆွေးရရှိရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ( ၁၃.၉.၂၀၂၃ ) ရက်နေ့မှ ( ၁၅.၉.၂၀၂၃ )ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာတွေ့လက်တွေ့ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်အေး ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ ၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း) မှ အရာထမ်းများ ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ မြို့နယ်ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာ ဦးစီးဌာနက စနစ်တကျ လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းကစပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်တိုင်းမှာ စက်ကိရိယာများတိုးတက် သုံးစွဲလာနိုင်ရေးအတွက် ဆောင်ရွက် လျှက်ရှိတာကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ သီးနှံအထွက်တိုးတက်စေရန်အတွက် မြေဆီလွှာ ကောင်းမွန်ရန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သဘာဝမြေဆွေး ပြုလုပ်ရေးလုပ်ငန်းမှာ စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခင်က မြန်မာနိုင်ငံရှိ တောင်သူများဟာ နွားချေးများ၊ ဓာတ်မြေဩဇာများကို အဓိကထားအသုံးပြုခဲ့ကြပြီး ယခုခေတ်မှာဆိုရင်တော့ ကျွဲနွားတိရစ္ဆာန်အသုံးပြုမှု နည်းပါလာခြင်းကြောင့် နွားချေးများရှားပါးလာပြီး ဓာတ်မြေဩဇာ ဈေးများလည်းကြီးမြင့်လာမှုကြောင့် တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း၊ ၎င်းအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စိုက်ပျိုးရေး) ၏ လမ်းညွန်ချက်ဖြင့် စွန့်ပစ်အမှိုက်မှသည် သဘာဝမြေဆွေးရရှိရေးအတွက် စမ်းသပ်သုတေသနပြု ဆောင်ရွက်လျှက် ရှိပါကြောင်း၊ အခုလို တောင်သူများ အလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး သဘာဝမြေဆွေး ထုတ်လုပ်နိုင်သည့်နည်းစနစ်ကို ဒေသအသီးသီးမှတောင်သူ များသိရှိပြီး တောင်သူများကိုယ်တိုင် လိုက်ပါအသုံးပြုနိုင်ရန် နည်းပညာဖြန့်ဝေခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားပေးခဲ့ပါသည်။
သင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ ပြုလုပ်လျက်ရှိသည့် ပုံမှန်နည်းစနစ်ထက် ဆွေးမြည့်မှုမြန်ဆန်စေရန် လေပေးသွင်း၍ ပြုလုပ်သည့်နည်းလမ်းများ ၊ ပြောင်းရိုး၊ ကောက်ရိုး ၊ နွားချေး ၊ သစ်ရွက်စိမ်း (ဗေဒါ)ကုန်ကြမ်း များကို အသုံးပြုကာ သဘာဝမြေဆွေးပြုလုပ် ရန်အတွက် မြင်းကောင်ရေအား (1.5 HP) Chaff Cutter စက်ကို အသုံးပြုကာ သစ်စိမ်း ကုန်ကြမ်းများ ခုတ်စင်းနေမှု ၊ မြင်းကောင်ရေအား (7.0 HP) Chipper Shredder စက်ကိုအသုံးပြုကာ ပြောင်းရိုးများခုတ်စင်းချေမွခြင်း ၊ ကောက်ရိုးစင်းစက် (Straw Reaper) ကို ထွန်စက်နှင့် ချိတ်ဆွဲအသုံးပြုပုံများနှင့် မြေဆွေးမြေဩဇာများကို စိုက်ပျိုးမြေအတွင်း ဖြန့်ကျဲပေးသည့် မြေဩဇာကျဲပတ်ကိရိယာအသုံးချပုံများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။