စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ပဲပုပ်မျိုး (ရေဆင်း ၁၅) အား လက်တွန်း မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားရှိအောင်မြင် ဖြစ်ထွန်းနေမှုကို တောင်သူများအား ပြသခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းဆောင်ရွက်သော “တောင်သူများပူးပေါင်း ပါဝင်သော ရှေ့ပြေး ပဲမျိုးစုံ ကျေးရွာ တည်ထောင်ခြင်း စီမံကိန်း” အားအကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါစီမံကိန်း၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ရေဆင်း ၁၅ ပဲပုပ်မျိုးအား လယ်ဝေးမြို့နယ်၊ အုတ်ဖိုဇောင်းကျေးရွာရှိ တောင်သူ ဦးဇော်လင်းအောင် ၏ စိုက်ကွင်းတွင် လက်ထွန်မျိုးစေ့ချကိရိယာကို အသုံးပြု စိုက်ပျိုးထားရှိ အောင်မြင်ဖြစ်ထွန်းနေမှုများ အား လက်တွေ့ပြသသည့် ကွင်းသရုပ်ပြပွဲ တစ်ရပ်ကို ၂၀၂၃ခုနှစ် ဩဂုတ် (၂၃)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ ကိုရီးယားနိုင်ငံ KOPIA-RDA မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ် အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ လက်ပံတန်း၊ အောင်ချမ်းသာ၊ အေးချမ်းသာ၊ညောင်ပင်သာ၊ နနွင်းအိုင်၊ အုတ်ဖိုဇောင်း ၊သရက်ချောင်း၊ပင်သောင်ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံဌာနခွဲ၊ ပဲမျိုးစုံ သုတေသနဌာနစုတာဝန်ခံ မှ “တောင်သူများပူးပေါင်းပါဝင်သော ရှေ့ပြေး ပဲမျိုးစုံ ကျေးရွာတည် ထောင်ခြင်း စီမံကိန်း” အား ဤဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လက်ရှိစိုက်ပျိုးပြသထားသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ရေဆင်း ၁၅ ပဲပုပ်မျိုးအား လက်တွန်းမျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးဖြစ်ထွန်းနေမှုများနှင့် စပ်လျဉ်း၍ ရေဆင်း ၁၅ ပဲပုပ်မျိုး ၏အရည်အချင်း လက္ခဏာများနှင့်သီးနှံသဘာဝများ၊ လက်တွန်းမျိုးစေ့ချကိရိယာအသုံးပြု စိုက်ပျိုးခြင်းဖြင့်ရရှိနိုင် သည့် အားသာချက်များအား လည်းကောင်း ရှင်းလင်းပြသပေး ခဲ့ပါသည်။
ဆက်လက်၍ စိုက်ခင်းပိုင်ရှင်တောင်သူကြီးမှလည်း မိမိစိုက်ကွင်းတွင့် စိုက်ပျိုးထားရှိသည့် ရေဆင်း(၁၅)မျိုးအား အကြမ်းခံခြင်း၊ ယခုပန်းပွင့်ချိန် ၊သီးကင်းဝင်ချိန်ထိ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး တစ်ကြိမ်တည်းသာ အသုံးပြုရခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ သက်တမ်းတိုခြင်း တို့ကြောင့်ကြိုက်နှစ်သက်ကာ လက်တွန်းမျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း ကြောင့် မျိုးစေ့ကုန်ကျမှုလျှော့ချနိုင်ပါကြောင်း၊ အတန်းလိုက်ဖြစ်သည့်အတွက် ပိုးသတ်ဆေး ဖျန်းခြင်းနှင့် မြေဩဇာ ကျွေးခြင်းများ အတွက် ပို၍လွယ်ကူပါကြောင်းကို တက်ရောက်လာသည့် တောင်သူများအား ပြန်လည်မျှဝေပေးခဲ့ပါသည်။
ဆက်လက်၍ လက်ပံတန်းကျေးရွာမှ တက်ရောက်လာသူ တောင်သူတစ်ဦးမှလည်း မိမိ သည် ရေဆင်း ၁၅ ပဲပုပ်မျိုးအား မနှစ်ကတည်းကစတင် လေ့လာနေသူတစ်ဦးဖြစ်ပါကြောင်း၊ ယခုစိုက်ပျိုးထားသည့် မျိုးအပေါ် အသက်ရက်၊ အပင်ဖြစ်ထွန်းမှု၊ တပင်ပါသီးတောင့်ပါဝင်မှု၊ အကြမ်းခံမှု စသည့်တို့ကို ယခင်ကနှစ်ကပင် သတိထားခဲ့မိကာ ယခုနှစ်တွင် ပိုမိုသတိထားမိခဲ့ပြီး လာမည့်နှစ်တွင် မိမိကိုယ်တိုင် စိုက်ပျိုးတော့မယ်ဖြစ်ကြောင်း နှင့် မျိုးနှင့် စိုက်နည်းစနစ်ပါ နှစ်သက်လက်ခံပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍တက်ရောက်လာသူတောင်သူများမှ ပဲပုပ်မျိုး (ရေဆင်း ၁၅) မျိုးအား မျိုးစေ့ချ ကိရိ ယာ အသုံးချစိုက်ပျိုးထားရှိဖြစ်ထွန်းအောင်မြင်နေမှုကို လိုက်လံကြည့်ရှုကြပြီး မျိုးနှင့်ပတ် သက်၍ လည်းကောင်း၊ စိုက်နည်းစနစ်နှင့်ပတ်သက်၍လည်းကောင်း သိလိုသည်များအား စူးစမ်း မေးမြန်း ခဲ့ကြပါကြောင်း သတင်း မှတ်တမ်းတစ်ခုအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန