စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံပန်းတိုင် အထွက်နှုန်း ရရှိရေးသုတေသန နှင့် မျိုးသန့် ပွားများရေး စီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ် ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ)နှင့်ညွှန်ကြားရေးမှူးများ၊ဆီထွက်သီးနှံသုတေသနဌာနစု၊ နှင့်ဒေသသုတေသနခြံများ ၊သုတေသနခြံများမှ တာဝန်ခံများနှင့် သုတေသီတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းက နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် (၃)ရပ် လုံးသည် မိမိတို့၏စိုက်ပျိုးရေးကဏ္ဍနှင့် အဓိက ဆက်စပ် လျက် ရှိပါကြောင်း၊ ၎င်းတို့ထဲမှ တတိယအချက်ဖြစ်သည့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အား‌ပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ရေးဆိုသည့် အချက်အား ပူးပေါင်းပါဝင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေးအားဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

ဆီထွက်သီးနှံနှင့် စပ်လျဉ်း၍ ယခင်နှစ်များက နေကြာသီးနှံ တစ်ခုတည်းကိုသာ စီမံ ကိန်းတစ်ခုအဖြစ် တွန်းအားပေး မြှင့်တင်ဆောင်ရွက်ခဲ့သော်လည်း ယခုမှစတင်ကာ မြေပဲ၊နှမ်း၊ စသည့် အဓိကဆီထွက်သီးနှံများအပြင် ပန်းနှမ်း၊ ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံများအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၊

စိုက်ဧကများအားလုံး၌ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဆိုပါက ဆီဖူလုံမှုပိုမိုလာနိုင်ကြောင်း၊ သို့ဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့၊ မြေဆီမြေဩဇာနှင့် သွင်းအားစုများ၊ စိုက်ပျိုးရေသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာများကို တောင်သူများ ပြည့်စုံစွာအသုံးပြုနိုင်ရေး မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြော ကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်မိုးမျိုးတင့်မှ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး သုတေသနနှင့် မျိုးသန့်ပွားများရေး စီမံချက် နှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီးတာဝန်ရှိသူတစ်ဦးမှ မြေပဲသီးနှံ၊ နှမ်းသီးနှံ ၊ နေကြာသီးနှံ တို့အတွက် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် သုတေသနများဆောင်ရွက်ရာတွင် ဒေသနှင့် သင့်တော်ပြီး အထွက်နှုန်းမြင့်မားသော သီးနှံမျိုးများအားတောင်သူများပူးပေါင်း ပါဝင ရွေးချယ်ခြင်းအားလည်းကောင်း၊ အပင်အဟာရ စီမံခန့်ခွဲမှုနည်းပညာ စမ်းသပ်ခြင်းများအား လည်းကောင်း၊ သွင်းအားစုစီမံခန့်ခွဲမှုစမ်းသပ်ခြင်းအားလည်းကောင်း၊ ရောဂါပိုးမွှား ကျရောက်မှုကာကွယ်နှိမ်နင်းနည်းများ စမ်းသပ်ခြင်းအားလည်းကောင်း၊ ညောင်ဦး၊ မကွေး၊ ကျောက်ဆည်ခြံ၊ တာယောခြံတို့တွင်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြခဲ့ရာ တာဝန်ရှိသူများမှ ဆောင်ရွက်မည့် နေရာဒေသအသီး သီးတို့မှတာဝန် ခံများ ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ်ဝိုင်းဝန်းဆွေးနွေးခြင်း လမ်းညွှန်အကြံပေးခြင်းများဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ် ပါသည်။