တောင်သူ့လက်စွဲနေကြာစိုက်ပျိုးနည်း
အခန်း(၆)
ရိတ်သိမ်းခြင်း
(၆.၁) ရိတ်သိမ်းချိန်တွင် လုပ်ဆောင်ရမည့်အချက်များ
နေကြာပွင့်များကျောဖက်ကောက်ရိုးရောင်ပြောင်းချိန်တွင် ရိတ်ပါ။ ရိတ်သိမ်းချိန်တွင် အစိုဓါတ် ၁၅ရာခိုင်နှုန်းခန့်ရှိပါသည်။
အစိုဓါတ်လျော့ကျသွားရန် တလင်း (သို့မဟုတ်) မိုးကာပေါ်တွင် ဖြန့်ထားပါ။
တုတ်ဖြင့်ရိုက်၍ အစေ့ချွေပါ။
အစေ့ကို နေလှန်းပါ။
သန့်စင်အောင် ပြာလှေ့ပါ။
အစေ့တွင်း အစိုဓါတ် ၇-၉ ရာခိုင်နှုန်း (နေကြာစေ့ကို ကိုက်ကြည့်၍ ထောက်ကနဲအသံထွက်ချိန်) တွင် သိုလှောင်ပါ။
မျိုးစေ့အဖြစ် ပြန်သုံးမည့် အစေ့အား လေလုံအိတ် (သို့မဟုတ်) လေလုံပုံးဖြင့် သိုလှောင်ပါ။
ရိတ်သိမ်းနေလှန်းသန့်စင်အခြောက်ခံပြီး နေကြာမျိုးစေ့တွင် သစ်စေ့ငုတ်ချိန် ၁လခန့်ရှိသည့် အတွက် သစ်စေ့ငုတ်ချိန်ကျော်မှ မျိုးစေ့ကို ပြန်လည်စိုက်ပျိုးပါ။
(၆.၂) လေလွင့်ဆုံးရှုံးမှုများ
နေကြာရိတ်သိမ်းချိန်မှ သိုလှောင်ချိန်ထိ လုပ်ငန်းတိုင်းတွင် လေလွင့် ဆုံးရှုံးမှု ရှိနိုင်ပါသည်။
လေလွင့်ဆုံးရှုံးမှုလျော့နည်းအောင်အချိန်မီရိတ်သိမ်းပါ။နေကြာ နောက်ကျောဖက် ကောက်ရိုးရောင်သန်းချိန်တွင် ရိတ်သိမ်းပါ။
ကြွက်၊ ငှက် ၊ ကြက်တူရွေးများ ဖျက်ဆီး၍ လေလွင့်ဆုံးရှုံးနိုင်ပါသည်။
မိုးရာသီစိုက်သည့် နေကြာသည် ရိတ်သိမ်းချိန်တွင် မိုးမိပါက လေလွင့် ဆုံးရှုံးမှုပိုများပါသည်။
နေကြာစေ့အရေအတွက်နှင့် အရည်အသွေး လျော့နည်း ဆုံးရှုံးမှုများ ဖြစ်နိုင်ပါသည်။
မိုးမိသော နေကြာစေ့ကို သိုလှောင်ပါက မျိုးစေ့အရည်အသွေး ကျဆင်းပြီး အပင်ပေါက်နှုန်း ညံ့တတ်ပါသည်။
(၆.၃) နေကြာအထွက်တိုးရေး လုပ်ဆောင်ချက်များ
ရိတ်သိမ်းပင်အရေအတွက်များရပါမည်။
တစ်ပွင့်ပါအောင်စေ့များရပါမည်။
အစေ့အလေးချိန် မြင့်မားရပါမည်။ နေကြာစေ့အရွယ်အစားပုံမှန်ဖြစ်ပြီး အောင်မြင်ပြည့်ဖြိုးသည့် အစေ့ဖြစ်ရပါမည်။
(၆.၃.၁) ရိတ်သိမ်းပင်အရေတွက်များအောင်လုပ်ဆောင်နည်း
စိုက်ခင်းကို ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ပြုပြင်ပါ။
သဘာဝမြေဩဇာကို မြေပြုပြင်ချိန်မှာ ထည့်သွင်းပြီး မြေခံအနေဖြင့် တစ်ဧကလျှင် ယူရီးယား (ပုလဲ)၁၁၂ပေါင် (၁အိတ်)၊ တီစူပါ ၅၆ပေါင် (၁/၂ အိတ်) နှင့် ပိုတက်ရှ် (၁/၂အိတ်) ကို မြေခံအဖြစ်ထည့်ပါ။
အပင်ပေါက်ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်းနှင့်အထက်ရှိသည့် မျိုးကိုသုံးပါ။
မျိုးစေ့ကို မျိုးသတ်ဆေး ၊ ပိုးသတ်ဆေးနှင့် လူးနယ်စိုက်ပျိုးပါ။
တန်းကြား၊ ပင်ကြား အကွာအဝေး တိတိကျကျ စိုက်ပျိုးပါ။
အချိန်မီသားခွဲပါ။
မြေကြီးအစိုဓါတ်ရှိနေရပါမည်။
(၆.၃.၂) တစ်ပွင့်ပါအောင်စေ့ အရေအတွက်များအောင်လုပ်ဆောင်နည်း
အဖူးဝင်ချိန်တွင် ယူရီးယား(ပုလဲ) ထပ်မံထည့်ပေးပါက အပွင့်အရွယ်အစား ကြီးမားလာပြီး တစ်ပွင့်အစေ့များလာစေပါသည်။
တစ်ပွင့်ပါအစေ့များစေရန်အတွက် ဝတ်မှုန်ကူးမှု ကောင်းမွန်စေရန် ပန်းပွင့်ချိန် ပျားပုံးများချထားပေးပါ။
ပန်းပွင့်ချိန်တွင် အပူချိန် ၂၁-၂၄ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်အောင် ချိန်ကိုက် စိုက်ပျိုးပါ။
မြေကြီးအစိုဓါတ်ရှိနေရပါမည်။
(၆.၃.၃) အစေ့အလေးချိန်ပုံမှန်အတိုင်းရှိအောင် လုပ်ဆောင်နည်း
မြေခံတွင် တီစူပါဓါတ်မြေဩဇာကို ထည့်ပေးပါ။
ဓါတ်မြေဩဇာထဲ့သွင်းချိန် မြေတွင်းအစိုဓါတ်ရှိနေရပါမည်။
ယူရီးယား (ပုလဲ)၊ တီစူပါ နှင့် ပိုတက်ရှ် ဓါတ်မြေဩဇာကို အချိုးကျ ထည့်ပေးပါ။
မြေကြီးအစိုဓါတ်ရှိနေရပါမည်။