စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တောင်သူ့လက်စွဲနေကြာစိုက်ပျိုးနည်း

4
2
5
6
1
3
8
7
10
9
11
12
13
14
4 2 5 6 1 3 8 7 10 9 11 12 13 14

အခန်း (၁)

နေကြာမျိုးရွေးချယ်ခြင်း

(၁.၁) မိမိယာမြေကွက်၊ မိမိဒေသနှင့် ကိုက်ညီသည့် မျိုးကိုရွေးချယ်စိုက်ပျိုးပါ။

အကျိုးအမြတ်

အပင်ဖြစ်ထွန်းမှုကောင်းမွန်ခြင်း

အထွက်ကောင်းခြင်း

ရွေးချယ်ရမည့် အချက်များ

အထွက်ကောင်းရမည်။

အထွက်တည်ငြိမ်ရမည်။

ဆီထွက်ကောင်းရမည်။

ပိုးမွှားရောဂါဒဏ်ခံနိုင်ရမည်။

(၁.၂) စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထောက်ခံထားသောမျိုးများ စိုက်ပျိုးပါ။

ရေ၊ မြေ၊ ရာသီဉတု ကောင်းမွန်သော ဒေသများ

ရေဆင်းစပ်မျိုးနေကြာ-၁၊ ရေဆင်းစပ်မျိုးနေကြာ-၂ နှင့် စပ်မျိုးများ

ပုံမှန်နေကြာစိုက်ပျိုးဖြစ်ထွန်းနိုင်သော ဒေသများ

ဆင်းရွှေကြာ-၂ (သဘာဝဝတ်မှုန်ကူးမျိုး)

(က) သဘာဝဝတ်မှုန်ကူးမျိုး (Open Pollinated Variety)

မိဘမျိုးများစွာ ဝတ်မှုန်ကူးခြင်းမှ ရရှိလာသောမျိုး ဖြစ်သည်။

မျိုးတစ်မျိုးတည်းကိုသာ ထားရှိစိုက်ပြီး စနစ်တကျ မျိုးသန့် ထိန်းသိမ်း

စိုက်ပျိုးပါက (၅) နှစ်မှ (၁၀) နှစ်ထိ မျိုးသန့်အဖြစ် စိုက်ပျိုး နိုင်ပါသည်။

ဥပမာ- ဆင်းရွှေကြာ-၂

(ခ) စပ်မျိုးနေကြာ (Hybrid Variety)

မျိုးမတူသော မိဘမျိုး (၂) မျိုးအား မျိုးကူးစပ်၍ ရရှိ လာသော စပ်မျိုးစွမ်းအား

(Hybrid Vigour) ကောင်းမွန်သည့်မျိုး ဖြစ်သည်။

စပ်မျိုးနေကြာမှထွက်ရှိလာသော မျိုးစေ့ကို နောင်နှစ်တွင် မျိုးအဖြစ်

အသုံးမပြုရပါ။

ဥပမာ- ရေဆင်း စပ်မျိုးနေကြာ-၁

(၁.၃) မျိုးကောင်းမျိုးသန့်ကိုသာ စိုက်ပျိုးပါ။

မျိုးကောင်းမျိုးသန့် ဆိုသည်မှာ

အပင်ပေါက်ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်းအထက်ရှိ

ပိုးမွှား၊ ရောဂါပါဝင်မှု မရှိ

အစေ့အဆံပြည့်တင်းမှုရှိ

အဖျင်းအမှော်ပါဝင်မှု မရှိ

မျိုးကောင်းမျိုးသန့်စိုက်ပျိုးလျှင်

မျိုးစေ့နှုန်းနည်း

အပင်ပေါက် ကောင်းမွန်

အပင်ပျောက်မရှိ၍ ဖာထေးရသက်သာ

အပင်ညီညာ

ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိ

မျိုးကောင်းမျိုးသန့် ရနိုင်မည့် နေရာများ

စိုက်ပျိုးရေးဉီးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဉီးစီးဌာန

(၁.၄) သဘာဝဝတ်မှုန်ကူးမျိုး (OPV) များ စိုက်ပျိုးပါက ကိုယ့်မျိုးကိုယ်ထား စနစ် ဆောင်ရွက်ပါ။

မြေဆီထက်သန်သော ယာမြေကိုရွေးပါ။

စိုက်ပျိုးရေးဉီးစီးဌာန သို့မဟုတ် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ မျိုးစေ့ကို ဝယ်ယူပါ။

ထယ်ရေးနက်နက် ထွန်ရေးညက်ညက် ထယ်ရေးပြင်ညီညာအောင် ပြုပြင်ပါ။

ရေသွင်းရေထုတ်စနစ်တကျပြုလုပ်နိုင်ရန် ရေထုတ်မြောင်းများပြုလုပ်ပါ။

တန်းကြား ၂ပေ နှင့် ပင်ကြား ၉လက်မထား၍ စိုက်ပါ။

မျိုးစေ့နှုန်း တစ်ဧကလျှင် ၄ပြီနှုန်းအသုံးပြုပါ။

ဓါတ်မြေဩဇာများကို ထောက်ခံထားသည့် နှုန်းထားအတိုင်း အသုံးပြုပါ။

စိုက်ပြီး ၁၄ရက်သားအတွင်း တစ်ကျင်းတစ်ပင်ချန်၍ သားခွဲပါ။

စိုက်ပြီး တစ်လသားအတွင်း ပေါင်းမြက်များကို ပြောင်စင်အောင်ရှင်းပေးပါ။

နေကြာပင်များ ပန်းစပွင့်ခါနီးအချိန်တွင် မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အပင်အမြင့်ညီညာသည့် အပင်(၁၀၀၀)ခန့် ရွေးချယ်ပါ။

ရောဂါကင်း၍ ပန်းပွင့်ချိန်ညီပြီး ပင်စည် တုတ်ခိုင်သော အပင်များကိုရွေးပါ။

အရွက်အရေအတွက်များ၍ ဖွံ့ဖြိုးထွားကြိုင်းပြီး အပေါ်ပိုင်းအရွက်ပိုများသော အပင်များကိုရွေးပါ။

ရွေးချယ်ထားသော အပင်များထဲမှ ကိုင်းခွပါသော အပင်များ၊ ခေါင်ပွင့်တစ်ပွင့်အပြင် အခြားအပွင့်သေးလေးများပါသော အပင်များ တွေ့ရှိပါက ပယ်ရှားပစ်ပါ။

ရွေးချယ်သတ်မှတ်ထားသည့် အပွင့်များမှ အပြင်ဘက်ဆုံးကွင်းရှိ အပွင့်ကလေးများ ဝတ်မှုန် ပေါက်ကွဲချိန်တွင် ပင်ခြားဝတ်မှုန် ကူးပေးခြင်းကို စတင် ပြုလုပ်ပေးပါ။

နံနက် (၈)နာရီ မှ (၁၁)နာရီ အတွင်း ပြုလုပ်ရပါမည်။

နေကြာပင်တစ်ပင်မှ အရွက်ကို ဆွတ်ယူ၍ လည်းကောင်း မိတ်ကပ်တို့ဖတ်စဖြင့် လည်းကောင်း ရွေးချယ်ထားသည့် နေကြာပွင့်မှ ဝတ်မှုန်များကိုခါယူပါ။

၎င်းဝတ်မှုန်ကို အခြားနေကြာပွင့်ပေါ်ရှိ အမဝတ်မှုန်ခံတိုင်ပေါ်သို့ ခါချပြီး ညင်သာစွာ ပွတ်ပေးပါ။

နီးစပ်ရာ အပင်အချင်းအချင်း ပင်ခြားဝတ်မှုန်ကူးခြင်း ပြုလုပ်ပေးပါ။

ပင်တည်းဝတ်မှုန်ကူးမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပါ။

ပင်ခြားဝတ်မှုန်ကူးပေးခြင်းကို နေ့စဉ်မပြုလုပ်နိုင်ပါက တစ်ရက်ခြား ပြုလုပ်ပေးပြီး အပွင့်၏ အလယ်ဗဟိုရှိ ပန်းပွင့်များ ပြည့်စုံစွာပွင့်ပြီးသည်အထိ ပြုလုပ်ရပါမည်။

နေကြာပွင့်အရွယ်အစားကို လိုက်၍ ပန်းပွင့်ချိန် (၅)ရက် မှ (၁၀)ရက် ထိကြာနိုင်ပါသည်။

နေကြာပွင့်နောက်ကျောဘက် ကောက်ရိုးရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။

ရိတ်သိမ်းသည့်အခါ အောက်ခြေသို့ငိုက်လွန်းသော အပွင့်များ၊ အပေါ်လန်နေသော အပွင့်များ၊ ခွက်လွန်း ခုံးလွန်းသောအပွင့်များနှင့် တွန့်လိမ်နေ သော ပုံသဏ္ဍာန်ရှိအပွင့်များကို ပယ်ရှားပါ။

ရိတ်သိမ်းပြီးအပွင့်များကို သီးသန့် ချွေလှေ့သန့်စင်ပါ။

အပင် (၅၀၀) ရိတ်သိမ်းနိုင်ပါက မျိုးစေ့ (၁)တင်းခန့် ရရှိနိုင်ပြီး ၎င်းမျိုးကို (၄)ဧက စိုက်ပျိုးရန် မျိုးအဖြစ် အသုံးပြုနိုင်ပါသည်။

အစိုဓါတ် ၇-၉ ရာခိုင်နှုန်းအထိ ရောက်အောင် (နေကြာစေ့ကို ကိုက်ကြည့်လျှင် ထောက်ခနဲအသံမည်သည့်အခါ) နေလှန်းပါ။

ခြောက်သွေ့ပြီး နေကြာမျိုးစေ့များကို လေလုံအိတ်၊ လေလုံပုံးများထဲ ထည့်သွင်း သိုလှောင်ပါ။

အေးပြီးခြောက်သွေ့သန့်ရှင်းသောနေရာတွင်ထားပါ။