စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

အစေ့ထုတ်ပြောင်းသုတေသနဆောင်ရွက်နေမှုအခြေအနေများနှင့်သု‌တေသနရလဒ်ကောင်းများ

2
1
4
3
2 1 4 3

အစေ့ထုတ်ပြောင်းကို အသုံးပြု ပုံ –

မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက် ဖြစ်သော တိရစ္ဆာန်စာလိုအပ်ချက် ဖြည့်တင်းရန်၊ ဆန်အစား ပြောင်းဖူးအဓိကထားသော ဒေသများသို့ ဖြည့်တင်းပေးရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့၍ နိုင်ငံခြား၀င်ငွေရရှိရန် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ကမ္ဘာပေါ်တွင် ပြောင်းဖူးသီးနှံကို အမျိုးမျိုး အသုံးပြုကြသည်။

ပြောင်းဖူးပင်၏ မြိတ်ဆာကို ဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ်လည်း ကောင်း၊ ပြောင်းဖူးအူတိုင်ကို ပလပ်စတစ်အစား ထိုး လက်ကိုင် ဖုန်းများအဖြစ်လည်းကောင်း၊ ပြောင်း စေးမှ အရည်အသွေးကောင်းကော်၊ ပြောင်းစေ့မှ ပြောင်းဖူးဆီ၊ ပြောင်းဖူးပင်စည်မှ ဇီဝလောင်စာဆီ (Bio-ethanol) အထိ တိုးတက် ထုတ် လုပ် နေပြီ ဖြစ်သောကြောင့် စက်မှုထုတ်ကုန်များ မြန်မာနိုင်ငံတွင် တိုးတက် ထုတ်လုပ်လာနိုင်ပါက နိုင်ငံအတွင်း အစေ့ထုတ်ပြောင်း လိုအပ်ချက်မြင့်မားလာမည်ဖြစ်ပြီး ပိုလျှံသည် များကိုလည်း ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေသော သီးနှံဖြစ်သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စပ်မျိုးပြောင်းမျိုး မွေးမြူခြင်း သုတေသန စတင်ဆောင် ရွက်ခဲ့သည့် အချိန်-စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စပ်မျိုးပြောင်းမျိုးသစ်များ ရရှိရန် ၁၉၇၄ ခုနှစ် မှ ၁၉၈၆ ခုနှစ် အထိ ပြည်ပနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့အစည်း များမှ ဗီဇမျိုးသန့် မိဘမျိုးလိုင်း (Inbred Line) များ မှာယူတင်သွင်း၍ စပ်မျိုးပြောင်းဖူးများ စမ်းသပ် ထုတ်လုပ်ခဲ့ရာ အဆိုပါ ဗီဇမျိုးသန့် မိဘလိုင်း (Inbred Line) များသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုမရှိသဖြင့် မအောင်မြင်ခဲ့ပါ။ ၁၉၈၆ ခုနှစ်မှ စတင်၍ ဗီဇမျိုးသန့် မိဘလိုင်းများရရှိရန် ပြည်တွင်း၌ စတင်မျိုးကူးစပ်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။

    ၁၉၉၀ ခုနှစ်မှစ၍ ပြည်တွင်း၌ မွေးမြူရရှိ၍ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် စပ်မျိုး(Commercial Hybrid) ကို ပထမဦးဆုံး အောင်မြင်စွာ သုတေသနပြု ထုတ်ဝေနိုင်ခဲ့ပါပြီး၊ ယခုအချိန်အထိ စပ်မျိုးပြောင်း (၉)မျိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။

ထုတ်ဝေခဲ့သော စပ်မျိုး (၇)မျိုး အနက်မှ ရေဆင်းစပ်မျိုး-၁၀၊ ရေဆင်းစပ်မျိုး-၁၁ နှင့်ရေဆင်းစပ်မျိုး-၁၄ မျိုးတို့ကို တောင်သူ များ စိုက်ပျိုးနိုင်ရန်အတွက် စပ်မျိုးမျိုးစေ့တို့ကို စိုက်ပျိုးထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။

စပ်မျိုးပြောင်းဖူးမျိုးသစ်မွေးမြူထုတ်လုပ်သည့်အဆင့်ဆင့်

စပ်မျိုးပြောင်းဖူး သုတေသနလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရသော လုပ်ငန်း တစ်ခု ဖြစ်ပြီး စပ်မျိုးမျိုးသစ် တစ်ခုရရန် အနည်းဆုံး ၈ နှစ်မှ ၁၂ နှစ်အထိ ဆောင်ရွက်ရပါသည်။

စပ်မျိုးပြောင်းဖူးသုတေသနဆောင်ရွက်ရာတွင် အဓိက ဆောင်ရွက်ရသော လုပ်ငန်း စဉ်ကြီး ၅ခုကို ဖော်ပြပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

(၁) ပြည်တွင်း၊ ပြည်ပမှ ဗီဇအရင်းအမြစ်များ တင်သွင်းစမ်းသပ်ခြင်း

ပြည်တွင်း၊ ပြည်ပနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ရသမျှမှာယူစိုက်ပျိုးပြီး ရေ၊ မြေ၊ ရာသီဥတုနှင့် သင့်တော်သော အလားအလာကောင်းမျိုးများကို ရွေးချယ် မျိုးကူးစပ်ခြင်းဖြင့် သားဆက်-၁ ပြောင်းဗီဇမျိုးကွဲများ ရရှိအောင် ဆောင်ရွက်ရပါသည်။

(၂) ဗီဇမျိုးသန့်လိုင်းများ မွေးမြူရွေးချယ်ခြင်း

ဗီဇမျိုးသန့်လိုင်းများရရှိအောင် သားဆက်-၁ မှ သားဆက်-၆ အထိ ဆက်တိုက် ပင်တည်းဝတ်မှုံကူး ပေးရပါသည်။ စပ်မျိုးပြောင်းဖူး ထုတ်လုပ်ရေးသုတေသနတွင် ဗီဇမျိုးသန့် လိုင်းများ ရရှိအောင် မျိုးကူးစပ်၍ အဆင့်ဆင့် ရွေးချယ်ခြင်းသည် အဓိကနှင့် အခြေခံအကျဆုံး ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ ၇၅% ဆောင်ရွက်ရပါသည်။ ဗီဇမျိုးသန့်လိုင်းများ ရရှိရန် (၆)ရာသီ မှ (၇)ရာသီကြာ ဆောင်ရွက်ရပါသည်။

         ဗီဇမျိုးသန့်လိုင်းများ မွေးမြူရာတွင်နှစ်စဉ် အပြည်ပြည်ဆိုင်ရာပြောင်းဖူးနှင့် ဂျုံသုတေ သနဌာန (CIMMYT)၊ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူးဖောင်ဒေးရှင်း (ICF)နှင့် ပြည်ပကုမ္ပဏီများမှ စမ်းသပ်ကွက်များမှာယူပြီး ပြည်တွင်းပြောင်းမွေးမြူရေးတွင် မိဘလိုင်းများအဖြစ် အသုံးပြုရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဗီဇမျိုးသန့်လိုင်းများ မွေးမြူခြင်းကို နှစ်စဉ် ဆောင်ရွက်လျက် ရှိပါသည်။ ဗီဇမျိုးသန့်လိုင်းများ ရရှိရန် လိုလားအပ်သော လက္ခဏာ ပါရှိသည့်အပင်များအား ရွေးချယ်၍ သားဆက် (၁)မှ သားဆက် (၆) အထိ ဆက်တိုက် ပင်တည်း ၀တ်မှုံကူးပေးရပါသည်။ သားဆက်တိုင်းတွင်အပင်၊ အဖူးအနေအထား ကောင်းမွန်၍ ရောဂါပိုးမွှားကင်းသော အပင်များ ကို ရွေးချယ်၍ ပင်တည်း၀တ်မှုံကူးရန် အထူးအရေးကြီးပါသည်။

သားဆက်တိုင်းတွင် ရွေးချယ်ရာတွင် လက္ခဏာများမှာ ပင်စည်တုပ်လျှင်ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည့်အတွက် ပင်စည်တုပ်ခိုင်သော အပင်များကို ရွေးချယ်ရမည်။ အဖူးထက်ရှိ အရွက်များပြီး အစိမ်းရင့်ရောင်ရှိသော အရွက်များရှိသည့် အပင်များသည် နေရောင်ခြည် ပိုမိုရရှိပြီး အစာပိုမိုချက်နိုင်ခြင်းကြောင့် ၄င်းအရည်အချင်းနှင့် ပြည့်စုံသော အပင်များကို ရွေးချယ်ရမည်။ အဖိုနှံခက်များစု၍ သိပ်သည်း (Compact)လျှင်ရောဂါပိုးမွှား ကျရောက်နိုင်သည့် အတွက်အဖိုနှံကားပြီး အနှံခက် အရေအတွက်များသည့် အပင်များကို ရွေးချယ်ရမည်။ အိတ်စွပ် သည့် အချိန်တွင်ပန်းပွင့်ရက် (အလယ်ပန်းခိုင်စပွင့်သည့်) နှင့် မြိတ်ဆာထွက်ရက် မှတ်သားပြီး ပန်းပွင့်ရက်နှင့် မြိတ်ဆာထွက်ရက်ကွာခြားမှု (Silking Anthesis Interval) ကျဉ်းသော မျိုးများ ရွေးချယ်ရမည်။ အဖူးမသိမ်းခင်ရွေးချယ်ရမည့် လက္ခဏာများမှာဖက်မလုံလျှင် မိုးရေ၀င်ပြီး အဖူးပုပ်နိုင်သည့်အတွက် ဖက်သားကျစ်ပြီး ဖက်လုံသောမျိုးများ ရွေးချယ်ရမည်။

ယိုင်လဲမှုဒဏ် ခံနိုင်ရည်မရှိသော မျိုးများသည် ပြောင်းဖူးမြေကြီးနှင့် ထိ၍ခြစားနိုင်ခြင်း၊ အဖူးပုပ်ခြင်းစသည်တို့ ဖြစ်နိုင်သဖြင့် ယိုင်လဲမှုဒဏ်ခံနိုင်ရည်ရှိသော မျိုးများရွေးချယ်ရမည်။ အဖူးသိမ်းပြီးသည့်အခါ ဒေသလိုအပ်ချက်ပေါ်မူတည်၍ အစေ့အရောင်လိမ္မော်ရောင် ရှိပြီး ထိပ်ခုံးသောမျိုးများ ဦးစားပေး ရွေးချယ်ရမည်။

ဗီဇမျိုးသန့်လိုင်းများမွေးမြူရွေးချယ်ခြင်းတွင် အများဆုံး အသုံးပြုသော နည်းလမ်းမှာ Standard Method (Ear to Row) ဖြစ်ပါသည်။ Standard Method သည် မျိုးမွေးမြူ ရွေးချယ်သည့် နည်းလမ်းများမှ နည်းလမ်းတစ်ခုဖြစ်ပြီး ပြောင်းဖူးဗီဇမျိုးသန့်လိုင်းများ မွေးမြူခြင်းတွင် ရှေးယခင်မှစ၍ ယနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိ ပါသည်။

ပြောင်းဖူးနှင့်အခြားနှံစားသီးနှံဌာနစု၏ ထုတ်ဝေပြီးစပ်မျိုး အများစု၏ မိဘလိုင်းများသည် Standard Method ကိုအသုံးပြု၍ ဗီဇမျိုးသန့်လိုင်းများ မွေးမြူခြင်းဖြင့် ရရှိလာသော ဗီဇမျိုးသန့်လိုင်းများ ဖြစ်ပါသည်။

Standard Method ကို အသုံးပြုပြီး မျိုးမွေးမြူရွေးချယ်ခြင်း သည် ဗီဇမျိုးသန့်လိုင်းများအား ပင်တည်းဝတ်မှုံကူးခြင်းကို ဆက်တိုက်အကြိမ်ကြိမ် ပြုလုပ်ခြင်း ကြောင့် ဗီဇယုတ်လျော့မှု (Inbreeding depression) ကိုဖြစ်စေခြင်း၊ အချိန် ကြာရှည်ပြီး ငွေကုန်ကြေးကျများခြင်း စသည့် အားနည်းချက် များ ရှိသည့်အတွက် ပိုမိုကောင်းမွန်သည့် မျိုး မွေးမြူရွေးချယ်သည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်လျက်ရှိရာ ၂၀၀၆-၂၀၀၇ ခုနှစ်မှစ၍ ယခင် အသုံးပြုခဲ့သည့် Standard Method နှင့် အပြိုင် Composite Line Selection Method ကိုစတင်ပြီးအသုံးပြုခဲ့ပါသည်။

Composite Line Selection Method ကို အသုံးပြုခြင်းကြောင့် ဗီဇယုတ်လျော့မှု (Inbreeding depression) ဖြစ်ပေါ်ခြင်းကို လျော့နည်းစေခြင်း၊ Generation အစောပိုင်းတွင် ရွေးချယ်၍ ရရှိနိုင်သဖြင့် ဗီဇယုတ်လျော့မှုနည်းခြင်းနှင့် အချိန်တို အတွင်း၌ စပ်မျိုးပြောင်း မျိုးသစ်များ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

ရေဆင်း စပ်မျိုး (၁၀) နှင့် ရေဆင်းစပ်မျိုး (၁၁)တို့၏ မိဘမျိုးလိုင်းများသည် Composite Line Selection Method ဖြင့်ရွေးချယ် ရရှိခဲ့သော အထူးအထွက်ကောင်းမျိုးဖြစ်ပါသည်။

(၃) မွေးမြူရရှိသော ဗီဇမျိုးသန့်လိုင်းများအား ဒေသအလိုက် ဖြစ်ထွန်းမှုကို လေ့လာခြင်း   မွေးမြူရရှိသော ဗီဇမျိုးသန့်လိုင်းများ၏ ဒေသအလိုက် ဖြစ်ထွန်းမှုကို လေ့လာနိုင်ရန် Inbred Line Evaluation ကို မြေပြန့်နှင့် တောင်ပေါ်ဒေသများတွင် ပြုလုပ်ရပါသည်။ ဗီဇမျိုး သန့်လိုင်းများ ဒေသအလိုက် ဖြစ်ထွန်းမှုကို လေ့လာခြင်းတွင် အထွက်နှုန်းအပြင် ပြောင်း ရွက်ခြောက်နှင့် ပြောင်းရွက်ဖုံးခြောက် ရောဂါဒဏ်ခံနိုင်ရည်ရှိသော ဗီဇမျိုးသန့်လိုင်းများအား ရှာဖွေခြင်း၊ ရေအနည်းငယ်နှင့် နိုက်ထရိုဂျင် အနည်းငယ် အခြေအနေတွင် ဖြစ်ထွန်းမှု ကောင်းမွန်သော ဗီဇမျိုးသန့်လိုင်းများအား ရှာဖွေခြင်းတို့ကိုပါ ဆောင်ရွက်ရပါသည်။

မွေးမြူ ရရှိခဲ့သော ဗီဇမျိုးသန့်လိုင်းအားလုံးသည် ဒေသအလိုက် ဖြစ်ထွန်းမှုကောင်းသော လိုင်းများ မဖြစ်နိုင်ပါ။ ဖြစ်ထွန်းမှု ကောင်းမွန်သော လိုင်းအနည်းငယ်ရရှိရန် ထောင်ပေါင်းများစွာသော လိုင်းများကို အဆင့်ဆင့်မွေးမြူရွေးချယ် ရပါသည်။

(၄) ဖြစ်ထွန်းမှုကောင်းသော ဗီဇမျိုးသန့်လိုင်းများ၏ ပေါင်းစပ်စွမ်းရည်စမ်းသပ်ခြင်း

ပေါင်းစပ်စွမ်းရည်စမ်းသပ်ခြင်းဆိုသည်မှာ ဒေသအလိုက် ဖြစ်ထွန်းမှု ကောင်းမွန်သော ဗီဇမျိုးသန့်လိုင်းများကို မျိုးကူးစပ်စေပြီး ရရှိလာသော စပ်မျိုးများ၏ အထွက်နှုန်းယှဉ်ပြိုင် စမ်းသပ်ခြင်းကို ခေါ်ပါသည်။ ယင်းစပ်မျိုးများမှ အထွက်အကောင်းဆုံးစပ်မျိုးများ၏ မိဘ ဗီဇ မျိုးသန့်လိုင်းများကို ရွေးချယ်ခြင်းဖြစ်ပါသည်။

ပေါင်းစပ်စွမ်းရည်ကောင်းသော စပ်မျိုးသစ်များရရှိရန် ပထမအဆင့်အ‌နေဖြင့် ဒေသ အလိုက် ဖြစ်ထွန်းမှုကောင်းသော ဗီဇမျိုးသန့်မိဘလိုင်းများကို ဒေသရှိစံထားလိုင်း (Common Tester) နှင့် မျိုးကူးစပ်ခြင်း (Top Cross) ပြုလုပ်၍ အကောင်းဆုံး စံထားမျိုးနှင့် နှိုင်းယှဉ် ရွေးချယ်၍ ပထမအဆင့် အထွက်ယှဉ်ပြိုင်ခြင်း ဆောင်ရွက်ရပါသည်။

စမ်းသပ်စပ်မျိုးများ၏ အကောင်းဆုံး ၁၀% ကို ရွေးချယ်၍ ၄င်းတို့၏ မိဘလိုင်းများကို အချင်းချင်း ပတ်လည်မျိုးကူးစပ်ခြင်း (Diallel Crossing) လုပ်၍ စမ်းသပ်မျိုးများ ထုတ်လုပ် ရပါသည်။

အဆိုပါ စမ်းသပ် စပ်မျိုး (Experimental Hybrid) များကို ထပ်မံ၍ အကောင်းဆုံး စံထားမျိုးဖြင့် နှိုင်းယှဉ်ရန် ဒုတိယအဆင့် မျိုးအထွက် ယှဉ်ပြိုင်ခြင်းကို ဒေသအသီးသီးတွင် စမ်းသပ်ရပါသည်။ စံထားမျိုးထက် သိသာစွာ သာလွန်ကောင်းမွန်သော မျိုးများကိုသာ ရွေးချယ် ရပါသည်။

အဆိုပါစမ်းသပ်မျိုးများ၏ မိဘလိုင်းများ အတွဲအတိုင်း ထပ်မံမျိုးကူးစပ်ပေးပြီး လက်ရွေးစင် စပ်မျိုးများ အဆင့်အနေဖြင့် နောက်တစ်ရာသီတွင် ထပ်မံ၍ ဒေသအသီးသီးတွင် အကောင်းဆုံး စံထားမျိုးနှင့် နှိုင်းယှဉ် ရွေးချယ်ရပါသည်။

အကောင်းဆုံးမျိုးများကို နောက် တစ်ရာသီတွင် ပြောင်းဖူးကျယ်ကျယ်ပြန့်ပြန့် စိုက်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူ စိုက်ကွက်များတွင် စံပြကွက် (Demonstration Cum Trial) များ ပြုလုပ်ပြသ၍ တောင်သူများကို ရွေးချယ်စေပါသည်။

တောင်သူများ ကြိုက်နှစ်သက်မှုရှိသော မျိုးများကိုသာ ရွေးချယ်၍ စပ်မျိုးသစ်အဖြစ် မှတ်ပုံတင် ထုတ်ဝေခွင့် တောင်းခံ၍ ထုတ်‌ဝေရပါသည်။

(၅) စပ်မျိုးမျိုးစေ့ထုတ်လုပ်ခြင်း

စပ်မျိုးမျိုးစေ့ထုတ်လုပ်ရာတွင် အဓိကပါဝင်သောလုပ်ငန်းများမှာ –

(က) မိဘမျိုးလိုင်းများ မျိုးသန့်ပွားများခြင်း၊

(ခ) စပ်မျိုးမျိုးစေ့ထုတ်လုပ်ခြင်းတို့ဖြစ်ပါသည်။

စပ်မျိုးပြောင်းဖူး၏ မိဘမျိုးများအဖြစ် အသုံးပြုမည့် ဗီဇမျိုးသန့်လိုင်း အမလိုင်းနှင့် အဖိုလိုင်းတို့ကို သီးခြားစိုက်ကွက်များတွင် မျိုးသန့်ပွားရပါသည်။

မျိုးသန့်ပွားများသော စိုက်ကွက်များသည် မျိုးမတူသော အခြား ပြောင်းဖူးစိုက်ကွက်များနှင့် အနည်းဆုံး မီတာ ၄၀၀ ကွာဝေးရပါသည်။

အကယ်၍ မီတာ ၄၀၀ ကွာခြား၍ စိုက်ပျိုးရန် အခက်အခဲရှိပါက မျိုးသန့် ပွားများမည့် စိုက်ကွက်ကို အခြားပြောင်းဖူးမျိုးများထက် (၂)ပါတ်မှ (၃) ပါတ်ခန့် စော၍ လည်းကောင်း၊ နောက်ကျ ၍ လည်း ကောင်း ပန်းပွင့်ချိန်ခြား၍ စိုက်ပျိုးခြင်းဖြင့် မျိုးသန့်ပွားများ နိုင်ပါသည်။

အမမျိုး မိဘလိုင်း တစ်ဧကပွားများခြင်းမှ အမမျိုးစေ့ (၁၂)တင်း ရရှိပြီးစပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်း (၆၀)ဧကတွင် အသုံးပြုနိုင်သည်။ အဖိုမျိုး မိဘလိုင်း တစ်ဧက ပွားများ ခြင်းမှ မျိုးစေ့ (၁၂)တင်းရရှိပြီး စပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်း (၁၅၀)ဧကတွင် အသုံးပြု ထုတ်လုပ် နိုင်ပါသည်။

(ခ) စပ်မျိုးမျိုးစေ့ထုတ်လုပ်ခြင်း

စပ်မျိုးများထုတ်လုပ်ရာတွင် အဖိုတန်း ၂တန်း၊ အမတန်း ၆တန်း (၂:၆) (သို့မဟုတ်) အဖိုတန်း ၁တန်း၊ အမတန်း ၃တန်း (၁:၃) (သို့မဟုတ်) အဖိုတန်း ၁ တန်း၊ အမတန်း ၄ တန်း (၁:၄)၊ (သို့မဟုတ်) အဖိုတန်း ၁တန်း၊ အမတန်း ၅ တန်း (၁:၅) ဖြင့် အဖို၊ အမ တလှည့်စီ စိုက်ပျိုး၍ အမပင်များမှ အဖိုနှံအား အဖိုပန်းမပွင့်မှီအပြီး ဖယ်ရှာပေးရပါသည်။

မျိုးစပ် ထုတ်လုပ် သော စိုက်ကွက်သည် အခြားပြောင်းဖူး စိုက်ကွက်များနှင့် အနည်းဆုံး မီတာ ၄၀၀ အကွာအဝေး ရှိရပါမည်။ အမပင်များတွင် မျိုးစေ့အောင်မြင်မှုကောင်းမွန်စေရန်အတွက် အမလိုင်း မှ အမပွင့် နှင့် အဖိုလိုင်းမှအဖိုပွင့်တို့ ပန်းပွင့်ချိန်တိုက်ဆိုင်ရန် အထူးရေးကြီးပါသည်။ အကယ်၍ အမလိုင်း သည် အဖိုလိုင်းထက် အသက်ကြီးပါကအဖိုလိုင်းကို အမလိုင်းထက် နောက်ကျစိုက်ပျိုးပေးရ ပါသည်။ မျိုးစေ့ အောင်မြင်မှု အထူးကောင်းမွန် စေလိုပါက အဖိုလိုင်း (၂)တန်းတွင် တစ်တန်းနှင့် တစ်တန်း (၂ရက်၊ ၃ရက်)ခြား၍ စိုက်ပျိုး ပေးရပါသည်။ စပ်မျိုး၏ အရည်အသွေးပြည့်ဝ ကောင်းမွန်စေရန်နှင့် စပ်မျိုးစစ်စစ် ရရှိစေရန် မျိုးကွဲများနုတ်ပယ်ခြင်းကို မဖြစ်မနေပြုလုပ် ပေးရမည်။

မျိုးကွဲများနုတ်ပယ်ခြင်းကို အမတန်းနှင့် အဖိုတန်း ၂မျိုးစလုံးမှ ပန်းမပွင့်ခင် ပြောင်စင် အောင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အမတန်းမှ အမပင်၏ လက္ခဏာရပ်များနှင့် ကွဲပြား ခြားနား နေသောအပင်များ၊ အဖိုတန်းမှ အဖိုပင်၏လက္ခဏာရပ်နှင့် ကွဲပြားခြားနားနေသော အပင်များကို ခုတ်ပယ် ပေးရန်လိုအပ်ပါသည်။ မျိုးကွဲများ နုတ်ပယ်ခြင်းကို ပြောင်းပင်ကြီးထွားမှု အဆင့်တိုင်း ပြုလုပ်ပေးရန် လိုအပ်ပါ သည်။

အမလိုင်းများမှ အဖိုနှံများစတင်ထွက်လာသောအခါ အဖိုနှံများကို နုတ်ပယ် ပစ်ပါသည်။

အဖိုနှံ နုတ်ပယ်ရာတွင် အဖိုနှံမှ ဝတ်မှုံမထွက်မှီ နုတ်ပယ်ရန်နှင့် အဖိုနှံများ လုံးဝ ပြောင်စင် အောင် နုတ်ပယ်ရန် အထူးအရေးကြီးပါသည်။ သို့မှသာ ရာခိုင်နှုန်းပြည့် သန့်စင်သော စပ်မျိုးစေ့ များရရှိမည် ဖြစ်ပါသည်။

အဖိုနှံနုတ်ပယ်ခြင်းကို (၂ပါတ် မှ ၃ပါတ်) ကြာအထိ နေ့စဉ် ဆောင်ရွက် ရပါမည်။ အဖိုပင်နှင့် အမပင်များ မျိုးကူးစပ်ပြီးနောက် ၂ပါတ် အကြာတွင် အဖိုပင်များကို ခုတ်သိမ်းရပါသည်။

အဖိုလိုင်းမှ ဝတ်မှုံများ အမလိုင်းရှိ အဖူးများ၏ မြိတ်ဆာများပေါ်သို့ ကျရောက်ခြင်း ဖြင့် မျိုး အောင်မြင်ပါသည်။ အမလိုင်းများမှ အဖူးများကို ချိုးယူဖက်ခွာပြီး မျိုးကွဲဖူးများကို ဖယ်ရှား၍ အစေ့ချွေ ယူရပါသည်။

မျိုးစေ့တွင် အစိုဓါတ် ၁၂% အောက်ရောက်သည်အထိ နေလှန်း အခြောက်ခံ၍ စပ်မျိုးပြောင်းဖူး မျိုးစေ့များအဖြစ် ထုတ်လုပ်ရပါသည်။ စပ်မျိုးပြောင်းမျိုး တစ်ဧက ထုတ်လုပ်ခြင်းမှ စပ်မျိုးမျိုးစေ့ F1 (၂၀)တင်း ရရှိနိုင်ပြီး ပြောင်းဖူး (၁၀၀)ဧကတွင် အသုံးပြု စိုက်ပျိုးနိုင်ပါသည်။

လက်ရှိဆောင်ရွက်လျက်ရှိသော မျိူးမွေးမြူရွေးချယ်ရေးနည်းလမ်းများမျိုးကူး စပ် မွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်းတွင် ခေတ်မီ ဇီဝနည်းပညာများ (Biotechnology) နည်းပညာများကို အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် ပြောင်းသီးနှံတွင် DNA ထုတ်ယူပြီး Simple Sequence Repeat (SSR) Molecular Markers များဖြင့် ဗီဇကွဲလွဲမှု စိစစ်ခြင်း သုတေသနများ ဆောင်ရွက်၍ အထွက်နှုန်းမြင့်မားသည့် စပ်မျိုးပြောင်းသစ်များ ထုတ်လုပ်သည့် သုတေသနလုပ်ငန်းတွင် မိဘလိုင်းများအဖြစ် အသုံးပြုရန်ရှာဖွေခြင်းသုတေသန လုပ်ငန်းကို ၂၀၁၆ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် လက်ရှိ စိုက်ပျိုးနေသော စပ်မျိုးများထက် ပိုမိုကောင်းမွန်သော စပ်မျိုးများရရှိရန်အတွက် ဗီဇ သဘောအရနှင့် ရုပ်သွင်ပြင် အရ သွေး‌ဝေးပြီး၊ လိုလားအပ်သော လက္ခဏာပါသည့် မိဘ(၈)မျိုးကို အသုံးပြု၍ မျိုးကူးစပ်ထား သည့် Development of 8-Ways Recombinant Inbred Line စီမံကိန်းကိုလည်း ၂၀၁၇ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

ထုတ်ဝေပြီးစပ်မျိုးများ၏အရည်အချင်းလက္ခဏာများ

ရေဆင်း စပ်မျိုး(၁၀) သည် အသက်ရက် ၁၀၀-၁၁၀ ရက်ရှိပြီး၊ တစ်ဧကလျှင် ၁၂၀-၁၂၅ တင်း ထွက်ရှိ၍ ပြောင်းစေ့ အဖူးထိပ်ထိပြည့်သည့် အူတိုင်သေးမျိုးဖြစ်ပါသည်။ မြေပြန့် တောင်ပေါ် ၂မျိုးစလုံးအတွက် အသုံးပြုသင့်ပါသည်။ (ရေဆင်းစပ်မျိုး-၁၁) သည် အသက်ရက် ၁၀၅-၁၁၅ ရက်ရှိပြီး၊ တစ်ဧကလျှင် ၁၁၅-၁၂၅ တင်း ထွက်ရှိ၍ အစေ့ထွက် ရာနှုန်းကောင်းသည့် လိမ္မော်ရောင် ထိပ်ခုံးအစေ့မျိုး ဖြစ်ပါသည်။ တောင်ပေါ်ဒေသအတွက် ရေဆင်းစပ်မျိုး (၁၁)မျိုးကို အသုံးပြုသင့်ပါသည်။

စိန်ခေါ်မှုများ

ယခုအခါ မြန်မာနိုင်ငံ အစေ့ထုတ်ပြောင်း စိုက်ပျိုးဧရိယာ၏ (၈၀%) ကျော်မှာ စပ်မျိုး မျိုးစေ့များကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနသည် တောင်သူများ အတွက် လိုအပ်သောမျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် စပ်မျိုးမျိုးစေ့ ထုတ်လုပ်၍ စျေးနှုန်း သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ သို့ရာတွင် ပြောင်းစိုက် တောင်သူ အများစု မှာ နိုင်ငံခြားကုမ္ပဏီများက ရောင်းချသော ထွက်နှုန်းမြင့် စပ်မျိုးမျိုးစေ့များကို အသုံးပြု ကြပါသည်။

ဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ထုတ် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် အားပေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ သုတေသနပြု ရရှိလာသော စပ်မျိုးသစ်များကို ပုဂ္ဂလိက တောင်သူ၊ အစိုးရဌာနများ ပူးပေါင်း၍ တိုးတက်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း စပ်မျိုးမျိုးစေ့ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှပြောင်းစိုက်တောင်သူများအတွက် နှစ်စဉ် ပြောင်းမျိုးစေ့ တန် ၅၀၀၀ မှ ၆၀၀၀ အထိ လိုအပ် ပါသည်။

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းသီးနှံကို အဓိကအားဖြင့် မိုးရာသီ၌ အမြောက်အမြား စိုက်ပျိုးလေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှု ရှိတက်သဖြင့် ပြောင်းဖူးနှင့် ပြောင်းဖူးစေ့ တွင် မှိုရောဂါများ ကျရောက်ဖျက်ဆီးတက်လေ့ ရှိပါသည်။

ထို့အပြင် ရိတ်သိမ်းပြီး အခြောက် ခံရန်အတွက် အခက်အခဲရှိခြင်း၊ အခြောက်ခံချိန်တွင် အစိုဓါတ်နှင့် အပူချိန် မြင့်မားသဖြင့် မှိုရောဂါများကျရောက်ပြီး လူ၊ တိရစ္ဆာန်များအတွက် အန္တရာယ် ဖြစ်စေသော aflatoxin အဆိပ် များ ပြောင်းစေ့များတွင် ပါရှိတတ်ပြီး၊ အစိုဓာတ်များစွာဖြင့် သိုလှောင်မိပါက မှိုဆိပ်ကြောင့် အစေ့များမည်းပြီး အရည်အသွေးကျဆင်းသဖြင့် ဝယ်ယူလိုမှု လျော့နည်းမည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ စျေးကွက်လိုအပ်ချက် တိုးတက်များပြားလာခြင်းကြောင့် မြန်မာနိုင်ငံ တွင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာ စေရန်အတွက် တိုးချဲ့စိုက်ပျိုး ထုတ်လုပ် ရန် လိုအပ်သကဲ့သို့ ရိတ်သိမ်းပြီး လုပ်ငန်းစဉ်များတွင်လည်း လေလွင့်ဆုံးရှုံးမှုများ လျော့ပါး စေရန် ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ ချွေလှေ့သန့်စင်ခြင်းနှင့် သိုလှောင်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လျက် ရှိနေပါသည်။

မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်မှု လုပ်ငန်း၏ လက်ရှိ အခြေအနေအားဖြင့် ပြည်ပမှ စပ်မျိုးမျိုးစေ့များနှင့် ဓါတ်မြေသြဇာ၊ ပေါင်းသတ်ဆေးများ ဝယ်ယူတင်သွင်း စိုက်ပျိုးနေရခြင်း၊ အခြေခံ သွင်းအားစု များ၏ စျေးနှုန်းမှာ တောင်သူအများစုအတွက် စျေးနှုန်း ကြီးမြင့်သဖြင့် လိုအပ်သလောက် ထိရောက်စွာ အသုံးမပြုနိုင်ခြင်း၊ ဓါတ်မြေသြဇာ ထည့်သွင်းမှုနှင့် စိုက်ပျိုးပြုစုမှု နည်းစနစ်များ မမှန်ကန်ခြင်း၊ ပြောင်းစေ့စျေးနှုန်းနှင့် စျေးကွက်တည်ငြိမ်မှု မရှိခြင်း၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်း ချိန်လွန် ကာလတွင် စနစ်တကျ စီမံဆောင်ရွက်နိုင်မှု အားနည်းခြင်းကြောင့် လေလွင့်ဆုံးရှုံးမှု များပြားခြင်း၊ စျေးကွက်တင် ရောင်းချမည့် သီးနှံထွက်ကုန် ပစ္စည်းများ၏ အရည်အသွေးသည် စျေးကွက်၏ သတ်မှတ်ထားသော စံချိန်စံညွှန်း မပြည့်မီခြင်း စသည့် ပြဿနာ အခက်အခဲများ ကြုံတွေ့လျက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သော စပ်မျိုးပြောင်း သုတေသနလုပ်ငန်းများကို အဓိက ဆောင်ရွက်လျှက်ရှိပြီး ထုတ်ဝေပြီး စပ်မျိုး ပြောင်းဖူး မျိုးများ၏ မိဘလိုင်းများအား အရည်အသွေး မကျဆင်းစေရန် မျိုးသန့် ထိန်းသိမ်းခြင်း သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းကောင်း ပါးအပ်ပါသည်။