စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ညှိနှိုင်းဆွေးနွေးခြင်း

6
1
2
4
5
3
6 1 2 4 5 3

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးသုတေသန ဉီးစီးဌာန (DAR)နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တို့ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပစျေးကွက်ဝင် စပါးမျိုးများ (ထွန်းပု၊ ကရင်မ ထိပ်ဆောင်း၊ ငစိန်ရာကျော်၊ ရက်-၉၀) စနစ်တကျမျိုးစေ့ပွားများခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၂၃ ခုနှစ် ဇွန်လ(၁၅)ရက်နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက် တရုတ်၊ ဥရောပ ဈေးကွက် များမှ ဝယ်ယူသူများ ကြိုက်နှစ်သက်ပြီး မျိုးနာမည် Brandနှင့် တင်ပို့နေသည့် မျိုး(၅)မျိုး ဖြစ်သည့် (ကရင်မထိပ်ဆောင်း၊ ထွန်းပု၊ ငစိန်ရာကျော် ရက်-၉၀နှင့် ဆင်းသုခ) စပါးမျိုးများ ထုတ်လုပ် ရေးတွင် အရည်အသွေးကောင်းမွန်စေရန် အတွက် ဗီဇငြိမ် သန္ဓေ သန့်များရရှိစေရန် Seed Flow မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန DoA တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ စပါးသီးနှံဌာနခွဲညွှန်ကြားရေးမှူးဒေါက်တာပပဝင်းနှင့် စပါးသီးနှံ သုတေသနဗဟိုဌာနမှ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ပညာ ရှင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

 အစည်းအဝေးတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ထွန်းပု၊ ကရင်မ ထိပ်ဆောင်း၊ ငစိန်ရာကျော်နှင့် ရက် ၉၀ စပါးမျိုး များနှင့်ပါတ်သက်၍ DAR မှ မျိုးစေ့များနှင့် MRFမှ မျိုးစေ့များအား အသုံးပြု၍ တစ်မျိုးချင်းစီ၏ရုပ်သွင်ပြင်လက္ခဏာများ၊ အရည်အသွေး လက္ခဏာများနှင့် ဗီဇကွဲလွဲမှု တို့အား စစ်ဆေးလေ့လာခဲ့ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုအပေါ် ၁၂.၁.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် MRFနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် စပါးသီးနှံသုတေသနဗဟိုဌာနမှ ရုပ်သွင်ပြင်လက္ခဏာများ စစ်ဆေးတွေ့ရှိချက်ရလဒ်များနှင့် အပင်ဇီဝနည်းပညာ သုတေသနဌာနမှ ဗီဇကွဲလွဲချက် စစ်ဆေးခြင်း တွေ့ရှိချက်ရလဒ်များအား ဆွေးနွေး တင်ပြထား ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရလဒ်များ အပေါ်အခြေခံပြီး ထွန်းပုစပါးမျိုးအား ၂၀၂၃ ခုနှစ်၊ နွေရာသီမှာ ဆင့်ပွားမျိုးစေ့ ထုတ်လုပ်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး DoA နှင့် MRFတို့အား လက်ဆင့်ကမ်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကရင်မထိပ်ဆောင်းနှင့် ငစိန်ရာကျော် စပါးမျိုးများအတွက် ၂၀၂၃ ခုနှစ်၊ နွေရာသီမှာ MRF မျိုးစေ့များကို အသုံးပြု၍ လင်းတာတုံ့ပြန်မှုရှိမရှိ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ဗီဇငြိမ်သန္ဓေသန့်လိုင်းများ ရွေးချယ်ခြင်းနှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိဘမျိုးစေ့ပွားများခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ရက်-၉၀ စပါး မျိုးအတွက် ၂၀၂၃ ခုနှစ်၊ နွေရာသီ တွင် ရက်၉၀        ( MRF) စပါးမျိုးစေ့ကို အသုံးပြုခဲ့၍ ဗီဇငြိမ်သန္ဓေသန့်လိုင်းများ ရွေးချယ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် မိဘမျိုးစေ့ထုတ်လုပ်ခြင်းကို ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အစီအစဉ်အရ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူးမှ မိတ်ဆက် စကားပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာန ဒုတိယ ညွှန်ကြားရေး မှူးမှ မိတ်ဆက်စကား ပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူတစ်ဦးမှ မိတ်ဆက်စကား ပြောကြားခြင်း တို့ကိုဆောင်ရွက်ကြပြီး စပါးသီးနှံသုတေသနဗဟိုဌာန တာဝန်ခံမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်ကိုတင်ပြခဲ့ကာအဆိုပါတင်ပြချက်များအပေါ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က မိမိတို့၏ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။