လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ခြင်း
၂၀၂၃ ခုနှစ်ဇွန်လ(၈)ရက်နံနက်ပိုင်းက လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများ သင်တန်း အမှတ်စဉ် (၁/၂၀၂၃) အား စိုက်ပျိုးရေး ဦးစီးဌာန၊ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံ၊ အစည်းအဝေး ခန်းမတွင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ စိုက်ပျိုးရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေ၊ သီးနှံကာကွယ်ရေး ဌာနခွဲမှညွှန်ကြားရေးမှူး ဦးဇော်လင်း ၊ တိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ နေပြည်တော်ကောင်စီ နယ်မြေမြို့နယ်(၈)မြို့နယ်မှ သင်တန်းသားများ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်မှ အဖွင့်အမှာ စကား ပြောကြားရာ နိုင်ငံတော်အနေဖြင့်ပိုးသတ်ဆေးများ စနစ်တကျ ကိုင်တွယ် သုံးစွဲနိုင်ရေး အတွက် ပိုးသတ်ဆေး ဥပဒေကို ၁၁.၅.၁၉၉၀ရက် နေ့တွင်ပြဌာန်းခဲ့ပြီး ၁၆.၁.၂၀၁၆ရက် နေ့တွင် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပိုးသတ်ဆေး ဉပဒေများ နှင့် ပတ်သတ်၍သိရှိလိုက်နာကျင့်သုံး လာစေရန်၊ ပိုးသတ်ဆေး ကိုအမြဲ ထိတွေ့ ကိုင်တွယ် နေရသော တောင်သူများ၊ ပိုးသတ်ဆေးရောင်းချသူများ၊ ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများအားပိုးသတ်ဆေး ကိုအန္တရာယ်ကင်းရှင်းစွာ အသုံးချ နိုင်ရေးနှင့် ပိုးသတ် ဆေး ဥပဒေနှင့်အညီ ရောင်းချနိုင်စေရေး အတွက် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများ သင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင်၂၀၁၈ခုနှစ်၌ သင်တန်းတစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး၊ သက်တမ်း ကျော်လွန်သော ပိုးသတ်ဆေးဆိုင်များ နှင့် ပိတ်ပင်ခဲ့သည့်အရောင်းဆိုင်များ၏ တောင်းဆိုချက်ဖြင့်ယခုနှစ်၂၀၂၃ခုနှစ်တွင် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများ သင်တန်း ၁/၂၀၂၃ကို ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ယနေ့အချိန်အခါတွင် စားနပ်ရိက္ခာဖူလုံရေး အတွက် တိုးတက် ထုတ်လုပ် နိုင်ခြင်းသည် အရေး ကြီးလာပြီဖြစ်သလို အစားအစာဘေးကင်း လုံခြုံမှုရှိစေရန်ကလည်း အရေးပါလာတာ ကိုတွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဓာတုပစ္စည်းများ စနစ်တကျ ကိုင်တွယ် သုံးစွဲနိုင်ရေး၊ အရည်အသွေးပြည့်ဝသောပစ္စည်းများအားတောင်သူများမှန်ကန်စွာ သုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုကို အထောက် အကူပြုစေရန် အတွက် ပိုးသတ်ဆေးဥပဒေ၊ မြေဩဇာဥပဒေ၊ မျိုးစေ့ဥပဒေ အစရှိသဖြင့်ပြဌာန်း ဆောင်ရွက်လျက် အဆိုပါ ဥပဒေများနှင့် အညီလိုက်နာမှုရှိ/မရှိကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့်ဥပဒေနည်းများကိုပိုမို နားလည်သဘောပေါက်လာပြီး လက်တွေ့ နယ်ပယ်တွင် ဥပဒေ၊ နည်းဥပဒေများ အတိုင်း လေးစားစွာ လိုက်နာ ကျင့်သုံးသွားကြရန် နှင့်သုံးစွဲသူ တောင်သူများ ကိုလည်း ထပ်ဆင့်မျှဝေ သွားခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံဖြိုးရေး မှာအထောက်အကူပြုပါဝင် ဆောင်ရွက် ပေးကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ယုခုဖွင့်လှစ်သည့် သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအား (CPA-Certificate Pestisite applicator) လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း ၊သင်တန်းသား အများစုသည်လည်း ပိုးသတ်ဆေးအရောင်းဆိုင် ဖွင့်ရန်ရည်ရွယ်သည့်သူများနှင့် လက်ရှိ ဆိုင်ဖွင့်လှစ်ထားသည့် သူများတက်ရောက်ကြသည်ကို တွေ့ရှိ ရပါကြောင်း၊ ပိုးသတ်ဆေး လုပ်ငန်း ဆောင်ရွက်သည့် သူများအနေဖြင့် မိမိတို့၏ဖောက်သည်များ ဖြစ်သည့် တောင်သူများအပေါ် အထူးစေတနာထား ပေးစေလိုပါကြောင်း၊ ဝယ်ယူသုံးစွဲသူ တောင်သူများအနေဖြင့် ထားရှိသည့် အားကိုးယုံကြည်မှုများ အပေါ် စေတနာ မှန်ကန်စွာထား၍ လမ်းညွှန်မှုများ ပေးမည်ဆိုပါက အခြားသူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်သည့် မွန်မြတ်သည့် အခွင့်အရေး များကို ရရှိ မည်ဖြစ်ပါကြောင်း၊ ရောင်းချသူများအနေဖြင့် ဉပဒေ၊နည်းဉပဒေနှင့် လုပ်ထုံး လုပ်နည်းများကိုလည်း လိုက်နာကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်(၈)မြို့နယ်မှ သင်တန်းသား ၁၃၇ ဦး တက်ရောက်ခဲ့ကြပါကြောင်းနှင့်ပိုးသတ်ဆေးဥပဒေများ အကြောင်းအားလည်းကောင်း၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးနှင့် ပေါင်းသတ်ဆေးများအကြောင်းအားလည်းကောင်း ၊ဆေးဖျန်းပုံ အမျိုးအစားနှင့်ပိုး သတ်ဆေး ဖျန်းပုံနည်းစနစ်များအကြောင်းအားလည်းကောင်း ၊ပိုးသတ်ဆေးအသုံးပြုမှုကြောင့် ဖြစ်ပေါ် လာသောဓာတ်ကြွင်းအာနိသင်များနှင့်စနစ်တကျပိုးသတ် ဆေးကိုင်တွယ်အသုံးပြုသည့် နည်းလမ်းများ အကြောင်းအားလည်းကောင်း သင်ကြားပို့ချပေး သွားမည်ဖြစ်ကာ သင်တန်းကာလ(၃)ရက် ကြာမြင့်မည်ဖြစ် ကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။