စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသတင်းအချက်အလက်နည်းပညာနှင့် သုတေသန နည်းပညာ ပြန့်ပွား ရေးဌာနစု Farmer Channel Studio တွင် နေကြာသီးနှံ တွင်ကျ ရောက် တတ်သည့် ရောဂါများအကြောင်း အပင်ရောဂါ သုတေသနပညာရှင် ဒေါက်တာသက် ရည်ခိုင် နှင့် တွေ့ဆုံ မေးမြန်း ခြင်းအားရိုက်ကူးခြင်း

Capture
gcvgtgjh
mgbuju
nhnh8uj
Capture gcvgtgjh mgbuju nhnh8uj

မေး

ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ရောဂါကျရောက်စေ နိုင်တဲ့ နည်းလမ်းများနှင့် ရောဂါနှိမ်နင်းတဲ့အခါမှာ လိုက်နာဆောင်ရွက်ရမည့် အချက်တွေကိုလည်း ပြောပြပေးပါရှင့်

ဖြေ

သီးနှံတွေပေါ်မှာ အပင်ရောဂါဖြစ်စေရန် အဓိက အကြောင်းအရင်း (၃) မျိုး ရှိပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိ၊ ခံနိုင်ရည်မဲ့သော လက်ခံပင်နှင့် ရောဂါ ဖြစ် ကြောင်းကို အားပေးနေတဲ့ ပတ်ဝန်းကျင် အခြေအနေတို့ပဲ ဖြစ်ပါတယ်။ ရောဂါကျရောက်မှုကို ကာကွယ်နှိမ်နင်းမည်ဆိုလျှင်အထက်ကပြောပြခဲ့တဲ့ ၃ ချက် ထဲမှတစ်ခုကို ဖယ်ရှားခြင်း၊ လျှော့ချခြင်းနှင့် သီးနှံပင်၏ကြီးထွားရာ ပတ်ဝန်း ကျင်ကို ပြုပြင်ပေးခြင်းတို့ကို လုပ်ဆောင်ရပါမည်။ သီးနှံရောဂါများကို စနစ်ကျစွာ ကာကွယ်ရန်နိုင်ရန်အတွက် ပိုးမွှားရောဂါများ၊ အပင်ရောဂါဖြစ် ကြောင်းများ၏ သီးနှံသက်တမ်းတလျှောက် ကျရောက်တတ်ပုံ၊ ဖျက်ဆီးတတ်ပုံ၊ ကူးစက်တတ်ပုံ၊ ဘဝစက်ဝန်းလည်ပတ်ပုံ အဆင့်ဆင့်ကိုလည်း သိရှိရပါ့မယ်။ သို့မှသာ သီးနှံပင်ကြီးထွားရှင်သန်မှု အပြည့်အဝရရှိပြီး လိုအပ်သော အထွက်ကို ရရှိမည် ဖြစ်ပါတယ်။

မေး

ယခုဆရာမတို့လက်ရှိဆောင်ရွက်နေတဲ့ သုတေသနလုပ်ငန်း တစ်ခုဖြစ်တဲ့ နေကြာသီးနှံမှာ ကျရောက်တတ်တဲ့ ရောဂါများအကြောင်းကိုလည်း ပြောပြပေးပါရှင့်

ဖြေ

နေကြာသီးနှံ စိုက်ပျိုးစဉ်အချိန်ကာလတွင် အစေ့၌လည်းကောင်း၊ ကြီးထွား ဖွံဖြိုးဆဲကာလတွင် အရွက်၊ ပင်စည်နှင့် အပွင့်တို့တွင် ရောဂါဖြစ်စေတဲ့ သက်ရှိ တို့ကို မြေဆောင်၊ ရေဆောင်၊ လေဆောင်အဖြစ် တွေ့ရှိရပါတယ် မြန်မာ နိုင်ငံမှာ အတွေ့ရများတဲ့ ရောဂါတွေကတော့ နေကြာပင်ခြေပုပ်ရောဂါ၊ နေကြာ ပင်စည်ပုပ် (သို့) ရိုးမဲနှင့် နေကြာရွက်ခြောက် ရောဂါတို့ပဲဖြစ်ပါတယ်။

နေကြာစိုက်ပျိုးရာတွင် တစ်ဧက အပင်ဦးရေ အပြည့်အဝပါဝင်မှသာ မျှော်မှန်းအထွက်ရရှိနိုင်ပါတယ်။ နေကြာသီးနှံမှာ ကျရောက်တဲ့ မြေဆောင်ရောဂါ က တစ်ဧကမှာရှိတဲ့ အပင်ဦးရေကို အဓိကလျော့ကျစေသည့် ရောဂါများ ဖြစ်ပါ တယ်။ နေကြာပင်ခြေပုပ်၊ နေကြာ ပင်စည်ပုပ် (သို့) ရိုးမဲနှင့် နေကြာ ကိုင်းခြောက် ရောဂါများ ကျရောက်ပါက အပင်တစ်ပင်လုံး သေဆုံးသည့်အထိ ဖြစ်နိုင်တာ ကြောင့် သတိထားကာကွယ်ရမည့် အရေးကြီးရောဂါတွေပဲ ဖြစ်ပါတယ်။

မေး

နေကြာပင်မှာတွေ့ရှိရတဲ့ နေကြာပင်ခြေပုပ် ရောဂါလက္ခဏာ အကြောင်းတွေကို ကြည့်ရှုနေတဲ့ ပရိသတ်ကြီး နားလည်သိရှိအောင် ပြန်လည်ဝေမျှပေးပါအုံးရှင့်။

ဖြေ

နေကြာပင်ခြေပုပ်ရောဂါက Sclerotium rolfsii နှင့် Sclerotinia sclerotiorum တို့ကြောင့်ဖြစ်ပါတယ်။ ရောဂါကျတဲ့အပင်ကို စိုက်တန်းထဲတွင် ညိုးငိုက် လျက် တွေ့ရှိနိုင်ပြီး အပင်နှင့်မြေကြီး ကပ်ရပ်နေရာတွင် ညိုပုပ်သည့် (သို့မဟုတ်) ညိုချိုင့်လျက် အရစ် ဖြစ်ပေါ်နေသော ရောဂါလက္ခဏာအား တွေ့မြင်နိုင်ပါတယ်။ အပင်ကိုနုတ်ကြည့်လျှင် အမြစ်များနှင့် အမြစ်ပတ်လည်မှာရှိတဲ့ မြေကြီးထဲမှာ အဖြူရောင် မှိုမျှင်အစုဝေးကို တွေ့မြင်နိုင်ပါတယ်။

နေကြာပင်ခြေပုပ်ရောဂါကို အပင်သက်တမ်း ၄၀ ရက်သားခန့်တွင် စတင် တွေ့ရှိ နိုင်ပြီး ခြောက်သွေ့ပြီးချိန်တေမှာ ရေသွင်းခြင်း၊ မိုးရွာခြင်းတို့ကြောင့် ပူနွေးပြီး စိုထိုင်းဆများခြင်းကြောင့် ဖြစ်တတ်ပြီး ရောဂါပြင်းထန်လာပါက တစ်ပင်လုံး လျင်မြန်စွာ ညှိုးခြောက်၍ သေနိုင်ပါတယ်။ ဆိုးဝါးတဲ့ အခြေအနေ တွေမှာ အပင် ခြေတွင် အဖြူရောင်မှိုမျှင်များ၊ မုန်ညှင်းစေ့ ပုံသဏ္ဍာန် မှိုလုံး (စကရို ရှား)များကို လည်း မျက်စေ့ဖြင့် မြင်နိုင်ပါ တယ်။

မေး

နေကြာပင်ခြေပုပ်ရောဂါကို နှိမ်နင်းနိုင်မယ့်နည်းလမ်းများကိုလည်း သိပါရစေရှင့်

ဖြေ

နေကြာပင်ခြေပုပ်ရောဂါက မြေဆောင်ရောဂါဖြစ်သည့်အပြင် မျိုးစေ့မှတစ်ဆင့် လည်း ကူးစက် ပျံ့နှံ့နိုင်ပြီးတော့ မုန်ညှင်းစေ့ပုံသဏ္ဍာန် အညိုရောင်မှိုလုံး (စကရိုရှား)များက မြေကြီးအတွင်းနှင့် ပင်ကြွင်းအစိတ်အပိုင်းများ တွင်နှစ်ပေါင်း များစွာ အသက်ရှင်နိုင်ပြီး ပူနွေး၍ စိုစွတ်သောရာသီတွင် မှိုမျှင်များအသစ်ပွား များပြီး ရောဂါပျံ့နှံ့မှုကို ပြင်းထန်စေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ့ရတဲ့ အပင် များကို လျှင်မြန်စွာ ဖယ်ရှားခြင်း၊ မီးရှို့ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် စိုက်ခင်း အတွင်း ရောဂါကူးစက်မှုကို ဟန့်တားနိုင်ပါတယ်။ ရောဂါကျနေသော စိုက်ကျင်း နေရာအား မှိုသတ်ဆေးထည့်ခြင်း၊ ထရိုင်ခိုဒါးမား ဇီဝထိန်းချုပ်သက်ရှိမှို (သို့မ ဟုတ်) ကြက်သွန်ဖြူ စစ်ထုတ်ရည်ကို မြေကြီးအတွင်းထည့်ခြင်း (သို့မဟုတ်) တစ်လှည့်စီ အပင်ခြေသို့ ဖျန်းခြင်း၊ ထည့်ခြင်းဖြင့်လည်း ရောဂါပျံ့နှံ့မှုကို ထိန်းချုပ် နိုင်ပါတယ်။

စတင်စိုက်ပျိုးစဉ်ကပင် ရောဂါကင်းသောမျိုးစေ့ကိုသုံးခြင်း၊ မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ဆေးစီရင်ခြင်း၊ ထယ်ရေးနက်နက် ထိုးခြင်း တို့သည် လည်း ရောဂါဖြစ်ကြောင်း မှိုပမာဏကိုလျော့ကျစေသော ကာကွယ်နည်း တစ်မျိုး ဖြစ်ပါတယ်။ သီးနှံစိုက်ပျိုးစဉ်ကာလမှာ ဆိုးရွားစွာ ရောဂါ ကျရောက်ခဲ့ပါက နောက်သီးနှံကို ရောဂါဖြစ်စေတဲ့ သက်ရှိ၏ လက်ခံပင်မဟုတ်သော သီးနှံဖြင့် သီးလှည့်စိုက်ခြင်း၊ ရိတ်သိမ်းပြီး ပင်ကြွင်းပင်ကျန်များအား မီးရှို့၊ ဖျက်ဆီးရှင်း လင်းခြင်း ပြုလုပ်ပေးရပါမယ်။ မျိုးစေ့ကို Homai/Topsin နှင့် ကြက်သွန်ဖြူ စစ်ထုတ်ရည်ဖြင့် လူးနယ်စိုက်ပျိုးခြင်း၊ အကျိုးပြုထရိုင်ခိုဒါးမား(Trichoderma) မှို နှင့် လူးနယ် စိုက်ပျိုးခြင်း တို့ကို လုပ်ဆောင်နိုင်ပါတယ်။

မေး

နေကြာသီးနှံမှားအထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေထဲကမှ နေကြာပင် စည်ပုပ် ရောဂါ အကြောင်းနှင့် နေကြာပင်မှာ ကျရောက်တဲ့တွေ့ရတဲ့ လက္ခဏာ များကို ပြောပြပေးပါရှင့်

ဖြေ

နေကြာပင်စည်ပုပ် (သို့) ရိုးမဲရောဂါသည်လည်း နေကြာပင်ခြေပုပ် ရောဂါကဲ့သို့ပဲ နေကြာသီးနှံရဲ့ မျှော်မှန်းအထွက်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။ နေကြာပင် ပန်းပွင့်ပြီး နောက်ပိုင်း အပူချိန်မြင့်ခြင်း၊ ရေငတ်ခြင်းတို့ကြောင့် ရောဂါကို ဖြစ်ပေါ် စေပါတယ်။ နေကြာပင်စည်ပုပ်ရောဂါက မျိုးစေ့ဆောင် ရောဂါ ဖြစ်သကဲ့သို့ မြေဆောင်ရောဂါလည်း ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိ Rhizoctonia bataticola များက လက်ခံပင်ပေါင်း များစွ ကျရောက်နိုင်ပါတယ်။ အပင်ငယ် စဉ်မှာ seedling blight အဖြစ် အပင်ငယ်များကို သေစေနိုင်ပြီး ပန်းပွင့်ချိန်တွင် လည်း ကျရောက်နိုင်ပါတယ်။ ပင်စည်ကို မဲပုပ်စေပြီး အပင်ရှိ အရွက်များ ညိုးငိုက်ကာ လျင်မြန်စွာ သေဆုံးသည်ကို တွေ့ရမည်ဖြစ်ပါတယ်။ ရောဂါပြင်း ထန်လာပါက အပင်ခြေမှရှိတဲ့အခေါက်က အနက်ရောင်ပြောင်းကာ ခြောက်သွေ့ လာပြီး ပင်စည်ကို ခွဲကြည့်ပါက အမဲရောင်မှိုမျှင် အလုံးငယ် လေး(ပစ်ကနီး ဒီးယား)များ ကို မီးသွေးမှုန့်များသဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အပင်များကို စိပ်စိပ်စိုက်ခြင်းမှ ရှောင်ကျဉ်ပြီး အာဟာရမျှတအောင် ထည့်ပေးခြင်းဖြင့် အပင်များသန်စွမ်းပြီး ရောဂါဒဏ်ခံ နိုင်ရည်ရှိမှုကို အားပေးနိုင်မှာပဲ ဖြစ်ပါတယ်။ နေကြာရိုးမဲရောဂါဖြစ်စေတဲ့ သက်ရှိက ခြောက်သွေ့သော ရာသီဥတုနှင့် မြေတွင်း အပူချိန် မြင့်တက်လာပါက ပိုမိုပြင်းထန်တတ်သောကြောင့် ရေသွင်းပေးခြင်းဖြင့် လည်း ရောဂါကိုထိန်းချုပ်နိုင်ပါတယ်။

မေး

နေကြာရွက်ခြောက်ရောဂါက နေကြာပင် စိုက်ပျိုးပြီး ဘယ်လိုအချိန်တွေမှာ ကျ ရောက် နိုင်ပါသလဲရှင့်

ဖြေ

နေကြာပင်ကြီးထွားဖွံဖြိုးဆဲအဆင့်တွင် Alternaria helianthi မှိုကြောင့်ဖြစ်သော နေကြာရွက်ခြောက်ရောဂါ (Alternaria leaf blight) ကျရောက်လေ့ ရှိပါတယ်။ အောက်ဆုံး အရွက်မှစ၍ ရောဂါဝင်ရောက်နိုင်ပါသည်။

အရွက်ပေါ်တွင် အညိုရင့်ရောင် မညီမညာ အနာကွက်များကို စတင်တွေ့နိုင်ပြီး အဝါရောင်ဆဲလ်သေဖြင့် အရစ်လိုက်ဝန်းရံထားသော ရောဂါကျ အနာကွက်များကို အစိမ်းရောင် ရွက်ကြောများအကြားတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ရောဂါပြင်းထန်လာပါက အပေါ်ရွက်များသို့ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ စိုက်ပျိုး ရာသီနောက်ပိုင်းတွင် အနာကွက်များကို ရွက်ညှာနှင့် ပင်စည်ပေါ်အထိ ကူးစက် ကာ အရွက်ခြောက်ခြင်း၊ ပင်စည်နှင့် ပန်းပွင့်တစ်ခုလုံး ပုပ်ခြင်းများကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

မေး

နေကြာရွက်ခြောက်ရောဂါကို ကာကွယ်နှိမ်နင်းနိုင်မည့်နည်းလမ်းများကို ပြောပြ ပေးပါရှင့်။

ဖြေ

နေကြာရွက်ခြောက်ရောဂါက ရောဂါကျပင်ကြွင်းပင်ကျန်များနှင့် ပေါင်းမြက်များ မှတဆင့် ကူးစက်ပျံ့နှံ့နိုင်ပြီးတော့ စိုထိုင်းဆ ၇၀ % ထက်များပြီး ပူနွေးသော ရာသီဥတု (၁၂ မှ ၂၅ ºC ) တွင် ရောဂါပြင်းထန်မှု ဖြစ်ပေါ်လေ့ ရှိပါသည်။ ရောဂါ ကျတဲ့ အပင်ရဲ့ အကြွင်းအကျန်များနှင့် ပေါင်းမြက်များကို သုတ်သင်ရှင်းလင်းခြင်း၊ ခံနိုင်ရည်ရှိသော သီးနှံမျိုးစိုက်ခြင်း၊ မျိုးစေ့ကို ဟိုမိုင်းဓာတုမှိုသတ်ဆေး (သို့) အကျိုးပြု ထရိုင်ခိုဒါးမား ဇီဝထိန်းချုပ်သက်ရှိမှိုဖြင့် လူးနယ်ခြင်း၊ ရောဂါလက္ခဏာ စတွေ့တွေ့ခြင်း မန်ကိုဇက်၊ ကလိုရိုသိုင်အိုနေလ်း၊ ထရိုင်ခိုဒါးမားမှိုကို ၁၀ ရက် ခြား တစ်ကြိမ် တစ်လှည့်စီဖျန်းခြင်း ပြုလုပ်နိုင်ပါတယ်။

မေး

ဟုတ်ကဲ့ပါရှင့် နေကြာသီးနှံရဲ့ အထွက်ကို ကျဆင်းစေနိုင်တဲ့ ပိုးမွှားရောဂါ ကာကွယ်နှိန်နှင်းနည်းများကို ကြည့်ရှုနေကြတဲ့ ပရိတ်သတ်ကြီးသိရှိအောင် ဝေမျှပေးပါအုံးရှင့်

ဖြေ

နေကြာသီးနှံအထွက်ကို ပိုးမွှားရောဂါကြောင့် လျော့ကျခြင်းမှ ကာကွယ် ရန် ဘက်စုံကာကွယ်နှိမ်နင်းခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ ဘက်စုံ ရောဂါ ကာကွယ်နည်းစနစ်တွေကတော့ စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်ခြင်း (Cultural practices)၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ၍ကာကွယ်ခြင်း (Physical changes)၊ လူအင်အားဖြင့်ကာကွယ်ခြင်း (Mechanical control)၊ ဇီဝနည်းဖြင့် ကာကွယ်ခြင်း (Biological control)၊ ဓါတုမှိုသတ်ဆေးများဖြင့် ကာကွယ် နှိမ်နင်းခြင်း (Chemical control)၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများဖြင့် ကာကွယ်ခြင်း (Regulation Law) တို့ပါဝင်ပါတယ်။

နွေထယ်ရေးခံခြင်းဖြင့် မြေတွင်းအောင်းနေသော ပိုးမွှားများ၊ ရောဂါမှိုမျှင်များကို သေစေခြင်းဖြင့် ဖျက်ပိုး၊ ရောဂါဖြစ်တဲ့ အရေအတွက်ကို လျော့ချနိုင်မည် ဖြစ်ပါတယ်။ ပိုးမွှား၊ ရောဂါများ၏ ပျံ့နှံပွားများမှုကို အခြေအနေပေးသော စိုက်ချိန်မှ ရှောင်လွှဲစိုက်ပျိုးခြင်း၊ သီးနှံ စိုက်ပျိုးရန် ရောဂါကင်းစင် မြေနေရာ ဖြစ်ရန် ရွေးချယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ခံနိုင်ရည်ရှိမျိုးကို အသုံးပြုခြင်း၊ သီးနှံကို နေကြာဆက်တိုက်စိုက်ပျိုးခြင်းမဟုတ်ပဲ သီးနှံ အလှည့်ကျစိုက်ခြင်း၊ ဒေသနှင့် ကိုက်ညီသော သီးနှံပုံစံများ ရွေးချယ်ခြင်း၊ ပေါင်းမြက်သန့်ရှင်းခြင်း၊ ထောင်ခြောက်သီးနှံများ စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ လိုအပ်သော ဓါတ်မြေဩဇာများကို စနစ်တကျ ကျွေးခြင်း၊ ရေသွင်းရေထုတ် စနစ်တကျ ဆောင် ရွက်ခြင်းနှင့် သီးနှံထွက်ပစ္စည်းများကို စနစ်တကျ သိုလှောင်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းကာကွယ်နှိမနင်းနိုင်ပါတယ်။

မေး

ဆရာမအနေနဲ့ နေကြာသီးနှံနှင့်ပတ်သက်တဲ့ ဗဟုသုရရှိစေမယ့် စကားလက် ဆောင်တွေကို တောင်သူဦးကြီး ပြောပြပေးပါရှင့်

ဖြေ

မြန်မာနိုင်ငံရဲ့ နှစ်စဉ်စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးတဲ့အခါမှာ မျှော်မှန်းအထွက်ရရှိစေရေးမှာ ပိုးမွှား၊ ရောဂါအန္တရာယ် မှ ကင်းဝေးစေရန် လိုအပ်ပါတယ်။

နေကြာသီးနှံတွင် ကျရောက်တတ်သောပိုးမွား၊ ရောဂါများ အမျိုးအစား များ၊ ပြင်ပလက္ခဏာများနှင့် ရောဂါများ ခိုအောင်းနေတတ်သည့် နေရာကူးစက် ပျံ့နှံ့သည့် အလေ့အထ များကို သိရှိနားလည်ထားလျှင် ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ မည်သည့်သီးနှံမဆို ကြိုတင် ကာကွယ်ခြင်းသည် အထွက်ဆုံးရှုံး မှုကို အကောင်းဆုံး လျှော့ချနိုင်သည့်နည်းလမ်း ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန Farmer Channel