မျိုးရိုးမတူဗီဇမတူညီသော စပါးမျိုးလိုင်းများ၏ အစေ့တွင်ပါဝင်သော ဇင့်ဓာတ်များအား အခြေခံ၍ ရေမြေဒေသနှင့်ကိုက်ညီသည့်အထွက် နှုန်း ကောင်းမျိုးလိုင်းများရွေးချယ်ခြင်းနှင့်မော်လီကျုလာနည်းပညာများဖြင့် လေ့လာအကဲဖြတ်ခြင်း
၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၀) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသန စာတမ်း အား အသိ ပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “မျိုးရိုးမတူဗီဇမတူညီသော စပါးမျိုးလိုင်းများ၏ အစေ့တွင်ပါဝင်သော ဇင့်ဓာတ်များအား အခြေခံ၍ ရေမြေဒေသနှင့်ကိုက်ညီသည်အထွက်နှုန်း ကောင်းမျိုးလိုင်းများရွေးချယ်ခြင်းနှင့်မော်လီကျုလာ နည်းပညာများဖြင့် လေ့လာအကဲဖြတ်ခြင်း ” ခေါင်းစဉ်ဖြင့် စာတမ်းရှင် ဒေါ်စုလှိုင်ဖြိုးမှဖတ်ကြား တင်သွင်းခဲ့ပါသည်။
စာတမ်းရှင်မှ အဆိုပါ သုတေသနခေါင်းစဉ်တွင် biofortification ခေါ် အစားအစာသီးနှံများ၏ အာဟာရ အရည်အသွေးများကိုမြှင့်တင်ပေးသည့် နည်းပညာရပ်ကို အခြေခံ၍ PR 121/ RRHZ-2// PR 121 တို့မှ မျိုးစပ်၍ ရရှိလာသော မျိုးရိုးမတူဗီဇတူညီသော စပါးမျိုးလိုင်း (၁၆၀) လိုင်းများကို အထွက်ကောင်း စပါးမျိုးလိုင်း (၂) လိုင်းနှင့် ဇင့် ဓာတ် ကြွယ်ဝသော စပါးမျိုးလိုင်း (၃) လိုင်းတို့ဖြင့် နှိုင်းယှဉ်၍ ပြင်ပသွင်ပြင်လက္ခဏာများ နှိုင်းယှဉ်လေ့ လာခြင်း နှင့် မော်လီကျုလာနည်းပညာများဖြင့် လေ့လာအကဲဖြတ်ခြင်းများဖြင့် လေ့လာခဲ့ပါသည်။
၎င်းသုတေသနတွင် မျိုးလိုင်း(၁၆၅)လိုင်း အား ၂၀၂၁ မိုးရာသီတွင် စပါးသီးနှံဌာနစု၊ အပင်မျိုးရိုးဗီဇနှင့် မျိုးစပ်မွေးမြူရေးဌာန၊ ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ်၊ Ludhianaမြို့ နှင့် ခရိုင်စိုက်ပျိုးရေးသုတေသနဌာန၊ Rauni ဒေသ တို့၌ စိုက်ပျိုးခဲ့ပြီး အပင်အထွက်နှုန်းဆိုင်ရာ သုတေသနမှတ်တမ်းများ ကောက်ယူခြင်းနှင့် ဇင့်ဓာတ်ပါဝင်မှုများ တိုင်းတာခြင်းတို့ကို လေ့လာဆောင်ရွက်ခဲ့ပြီး ဇင့်ဓာတ် ပါဝင်သော ဗီဇလိုင်း မျာအား SSR markers (၂၉) ခု နှင့် Gene Specific Markers (၅) ခု စသည်တို့ကိုအသုံးပြု၍ လေ့လာခဲ့ခြင်းဖြစ်ပါသည်။
စာတမ်းရှင်၏လေ့လာတွေ့ရှိချက်များအရဤစမ်းသပ်ချက် တွင် PAU8182-205-2, PAU8182-205-1, PAU8182-108-1, PAU8182-116-1, PAU8182-150-1, PAU8182-182-1, PAU8182-112-5, PAU8182-171-4, PAU8182-175-1 and PAU8182-215-1 မျိုးလိုင်းတို့ သည် စံထားမျိုးထက် အထွက်နှုန်းသာလွန်ကောင်းမွန်ပြီး ဇင့်ဓာတ်ပါဝင်မှုသည် ၂၄ ppm ထက်သာလွန်ကောင်းမွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် စမ်းသပ်ချက်မျိုးလိုင်းအများစုသည် အပင်သက်တမ်းတိုစပါးမျိုးများဖြစ်ပြီး အပင်အရပ်သည်လည်း အလယ်အလတ်ရှိသောမျိုးများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ အပင်အထွက်နှုန်းပိုင်းဆိုင်ရာ ပြင်ပလက္ခဏာများဖြစ်သော ၅၀ ရာခိုင်နှုန်းပန်းပွင့်ရက်၊ ပင်ပွားအရေအတွက်၊ အောင်စေ့အလေးချိန်၊ အထွက်နှုန်း နှင့် ဆန်အရည်အသွေးဆိုင်ရာ သုတေသန မှတ်တမ်းများ စသည့် သုတေသနမှတ်တမ်းများတွင်လည်း ဖော်ပြပါ မျိုးလိုင်း (၁၀) လို်ငးသည် သိသာထင်ရှား သော ဆက်စပ်မှုရှိသည်ကိုတွေ့ရှိ ရပါကြောင်း၊ စမ်းသပ်သောမျိုးလိုင်း (၁၆၅)လိုင်းအား SSR markers (၂၉) ခု နှင့် Gene Specific Markers (5) ခု တို့ကိုအသုံးပြု၍ မော်လီကျုလာနည်းပညာဖြင့် စစ်ဆေးရာတွင် ဇင့်ဓာတ်ပါဝင်သော မျိုးလိုင်းများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရကြောင်းစာတမ်းရှင်မှ ဗဟုသုတဖြစ်ဖွယ်မျှဝေပေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက် များအပေါ် သိလို သည်များ အား မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။