DAR-5 ကြံမျိုးသစ်များတောင်သူများထံရောက်ရှိရေးစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် WILMAR (Sugar) MynmarLimited(WSML)တို့ပူးပေါင်းဆောင်ရွက်ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှထုတ်ဝေထားသော DAR-5 ကြံမျိုးသစ်အားတောင်သူ များလက်ဝယ်ရောက်ရှိရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် စိုက်ပျိုး ရေးသုတေသနဦးစီးဌာနနှင့် Wilmar (Sugar) Myanmar Limited (WSML)တို့ပူးပေါင်းကာ ထီးချိုင့်ဒေသရှိကြံစိုက်တောင်သူများထံ ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် DAR-5 မျိုးကြံများအား ၂၀၂၂ခုနှစ် နိုဝင်ဘာ (၂၃)ရက်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြံနှင့်သကြားထွက် သီးနှံသုတေသနဌာနစုသို့လာရောက် သယ်ယူခြင်းဖြစ်သည်။
၂၀၁၁ခုနှစ်တွင် စတင်မျိုးကူးစပ်ကာ မျိုးရွေးချယ်ခြင်းများ၊ အထွက်နှုန်းယှဉ်ပြိုင် စမ်းသပ်ခြင်း လုပ်ငန်းစဉ်များအား နှစ်စဉ်အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် DAR-5 ကြံမျိုးသစ်အဖြစ်ထုတ်ဝေခွင့်ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကြံမျိုးသစ်၏ထူးခြားသည့် အရည် အချင်းလက္ခဏာများမှာ သက်လျင်အထွက်ကောင်းကြံမျိုးဖြစ်ခြင်း၊ ခြောက်သွေ့ရာသီတွင် ရေငတ်ဒဏ်ခံခြင်း၊ ၁၂လသားကျော်မှ ပန်းအနည်းငယ်သာပွင့်ခြင်းနှင့် ကြံမှိုနှံရောဂါဒဏ်ခံနိုင် ရည်ရှိခြင်းတို့ဖြစ်ကြသည်။
စိုက်ပျိုးရေးကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူများ အတူတကွ ဟန်ချက်ညီညီ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လျှောက်လှမ်း သွားကြရန်လိုအပ်လျက်ရှိရာ Wilmar (Sugar) Myanmar Limited(WSML)အနေဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ၂၀၁၅ခုနှစ် ကတည်းကပင် စတင်လက်တွဲ ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ပါသည်။ Wilmar (Sugar) Myanmar Limited (WSML)သကြားစက် သည် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာအနီးတွင်တည်ရှိပြီး တစ်ရက်လျင် တန်ချိန်(၈၀၀၀) ခန့်ကြိတ်ဝါး နိုင်သောသကြားစက်ဖြစ်ပါသည်။ သကြားစက်ဧရိယာအတွင်းရှိ ကြံစိုက်တောင်သူများနှင့် စက်ရုံ ၏အဓိကလိုအပ်ချက်ဖြစ်သည့် ကြံအထွက်ကောင်း၊ သကြားထွက်ကောင်း ကြံမျိုးသစ်များကို ရှာဖွေစမ်းသပ်စိုက်ပျိုး၍ တောင်သူများအား ပြသရွေးချယ်စေကာ တောင်သူများကြိုက်နှစ်သက် သည့် ကြံမျိုးများအား တောင်သူများလက်ဝယ် ရောက်ရှိစေရန် တောင်သူများ၏ အခက်အခဲ များဖြစ်သည့် မျိုးကြံသယ်ယူပို့ဆောင်ရေးတွင် အကူအညီပေးခြင်း၊ ကြံမျိုးဈေးနှုန်း လျော့ပေါ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
WSML သကြားစက်ဧရိယာအတွင်းတွင် လက်ရှိကြံစိုက်ဧရိယာ (၆)သောင်းခန့်ရှိပြီး WSML စိုက်ကွင်း (၁၀၀၀) ဧကတွင် ကြံသီးနှံဆိုင်ရာသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဒေသတွင် စိုက်ပျိုးနေသော ကြံမျိုးများတွင် စိုက်ဧရိယာ အများဆုံးအဖြစ် ရေဆင်း-၁ ကြံမျိုး (၁၆၅၆၃) ဧက၊ နဝဒေး-၄ ကြံမျိုး (၁၁၃၅၅) ဧက နှင့်DAR-4 ကြံမျိုး(၉၀၀၀)ဧကတို့ဖြစ်ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေထားသည့် DAR-4 ကြံမျိုးအားတောင်သူများနှင့် မိတ်ဆက် ၍ဖြန့်ဝေပေးခဲ့ရာ ယခုအချိန်တွင် WSML သကြားစက်ဧရိယာအတွင်းတွင် ဧက (၉၀၀၀) ကျော် စိုက်ပျိုး နေပြီဖြစ်ပါသည်။မျိုးသစ်များပြောင်းလဲစိုက်ပျိုးလိုသည့် တောင်သူများအတွက် အကန့် အသတ် အခက်အခဲများအားလည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။
ယခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနထုတ်ဝေထားသည့် သက်လျင်အထွက် ကောင်းကြံမျိုးသစ်ဖြစ်သည့် DAR-5 ကြံမျိုးအား တောင်သူများအားမိတ်ဆက် စိုက်ပျိုးပြသရန် နှင့် မျိုးပွားများဖြန့်ဖြူးရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ မျိုးကြံများ(၁၄)တန်ခန့် လာရောက်သယ် ယူ၍ ကြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန