ကုလားပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများဖြန့်ဝေခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းဆောင်ရွက်သော “တောင်သူများပူးပေါင်း ပါဝင်သော ရှေ့ပြေး ပဲမျိုးစုံ ကျေးရွာ တည်ထောင်ခြင်း စီမံကိန်း” အားအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်း၏ အစီအစဉ်ဖြင့် ကုလားပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများဖြန့်ဝေပေးခြင်း သင်တန်းအားလယ်ဝေးမြို့နယ်၊ လက်ပံတန်းကျေးရွာတွင် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ကိုရီးယားနိုင်ငံ KOPIA-RDA မှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှတာဝန်ရှိသူများ၊ လက်ပံတန်း၊ အောင်ချမ်းသာ၊ နနွင်းကုန်း၊ အုတ်ဖိုဇောင်း ကျေးရွာများမှ ပဲစိုက်တောင်သူများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါနည်းပညာမျှဝေသည့်သင်တန်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံ ဌာနခွဲ၊ ပဲမျိုးစုံသုတေသနဌာနစု တာဝန်ခံ မှ ကုလားပဲစိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ ကုလားပဲ အမျိုးအစားများ၊ ကုလားပဲစိုက်ပျိုးနိုင်သည့် ရာသီဉတု၊မြေအမျိုးအစား၊ ပတ်ဝန်းကျင်အခြေ အနေ၊အသုံးပြုသင့်သည့်မျိုးစေ့နှုန်းထား၊ မြေသြဇာ နှုန်းထားများ၊ မျိုးစေ့အား မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးခြင်း၊ မျိုးစေ့အား ရိုင်ဇိုဘီယမ်ဖြင့်လူးနယ်စိုက်ပျိုးခြင်း၊ ရေပေးသွင်းခြင်း၊ စိုက်ချိန်၊ စိုက်ခင်းတွင် အဓိကကျရောက်သည့် ရောဂါ၊ပိုးမွှားများ၊ ရောဂါ၊ ပိုးမွှား ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံပုံစံ၊ သိုလှောင်ခြင်း၊ စေျးကွတ်ကြိုက်နှစ်သက်မှုစသည့် သိသင့် သိထိုက်သည်များအား မျှဝေပေးခဲ့ကာစိုက်ပျိုးရေးသုတေသနမှထုတ်ဝေထားသည့် ကုလားပဲ မျိုးများဖြစ်သည့် ရေဆင်-၃,ရေဆင်း-၄, ရေဆင်း-၆, ရေဆင်း-၈, ရေဆင်း-၁၁, ရေဆင်း-၁၂, ရေဆင်း-၁၃,ဇလုတ်-၁ စသည့်မျိုးများ၏ အရည်အချင်းလက္ခဏာများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ထို့နောက် ကုလားပဲမျိုးစေ့ထုတ်စိုက်ပျိုးခြင်း၊ကွင်းဆင်းစစ်ဆေးခြင်း၊ မျိုးသန့်စင်မှုကိုထိန်းသိမ်းခြင်း၊ မျိုးကွဲပယ်ခြင်းစသည့် အကြောင်းအရာများ ကိုလည်း မျှဝေ ပေးခဲ့ပါသည်။
ဆက်လက်၍ တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြီးချိန်တွင် နိဂုံးချုပ် အနေဖြင့် ကိုရီးယားနိုင်ငံ KOPIA-RDA မှတာဝန်ရှိသူမှ တောင်သူများအား စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ခြင်းများ အပေါ်ဝမ်းမြောက်မိပါကြောင်း၊ ပဲတီစိမ်း၊ပဲပုပ်၊ ကုလားပဲ စသည့် ပဲ အုပ်စုလိုက် စိုက်ပျိုး သူများထဲမှ တစ်အုပ်စုလျှင် အကောင်းဆုံးစိုက်ပျိုးသူ တစ်ဦးစီကိုလည်း မိမိတို့အနေဖြင့် ဆုချီးမြှင့် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်များ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါ ကြောင်း သတင်းမှတ် တမ်းအဖြစ် ဖော်ပြအပ်ပါသည်။