လူငယ်စိုက်ပျိုးရေးသုတေသီများ ပေါ်ဆန်းစပါး သုတေသနပြုဆောင် ရွက် နေမှုများအားလေ့လာခြင်း
စပါးပင်၏ဗီဇပိုင်းနှင့် ပြင်ပရုပ်သွင်ပိုင်းကို ချိတ်ဆက်လေ့လာသုတေသနပြု၍ ဆက်စပ်မှုကို လေ့လာ နေသည့် (Genome Wide Association Study- GWAS) သုတေသနများအနက်မှ ရာသီမရွေး စိုက်ပျိုးနိုင်သော အင်းမရဲဘော်၊ မုဆိုးမကြွေးကျေ၊ ပေါ်ဆန်းမွှေးစပါးမျိုးများဖြစ်စေရန် မျိုးစပ်ခြင်းလုပ်ငန်းစဉ်များကို လူငယ်စိုက်ပျိုးရေးသုတေသီများမှ နိုဝင်ဘာ(၄) ရက်ကသွားရောက်လေ့လာခဲ့ကြပါသည်။ ထိုကဲ့သို့ မျိုးစပ်ရာတွင် Marker Assisted Selection နည်းဖြင့် အထွက်နှုန်းကောင်းဗီဇ Gn1 နှင့် WFP(Wealthy Farmer’s Panicle)များထည့်သွင်း၍ သက်တမ်းတို၊ အထွက်ကောင်းမျိုးများရရှိရေး မျှော်မှန်းဆောင်ရွက်နေသော သုတေသနများကို လေ့လာခဲ့ကြပါသည်။ တာဝန်ရှိသူမှ လက်ရှိဆောင်ရွက်နေသော သုတေသနလုပ်ငန်း၊ ဆောင်ရွက်ပုံအဆင့်ဆင့်၊ ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့ပြသရှင်းလင်းခဲ့ပါသည်။
Plants’ Doctor Program ၏ကွင်းသုတေသနလေ့လာရေးအစီအစဉ် နောက်ဆုံးရက်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ Plant Doctors’ Program သည် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်လာသော လူငယ်များကို စွမ်းဆောင်ရည်မြင့်မားသည့် သုတေသီများဖြစ်လာစေရန် လေ့ကျင့်ပေးသောအစီအစဉ်ဖြစ်ကြောင်း၊ တောင်သူအကျိုးပြုနိုင်သည့် သီးနှံမျိုးသစ်များနှင့် နည်းပညာသစ်များကို ကိုယ်တိုင်တီထွင်ဖန်တီးမှုပြုလုပ်နိုင်စေရန်နှင့် သုတေသနတစ်ခုကို ဦးဆောင်ပြီးလုပ်နိုင်စေရန် ကြိုးစား လေ့လာစေလိုကြောင်း၊ လေ့ကျင့်ကြရန် တိုက်တွန်းပါကြောင်း၊ သုတေသနလုပ်ငန်းသည် လွန်စွာအရေးပါပြီး၊ သုတေသနလုပ်ဆောင်ရာတွင် စိတ်ဝင်တစားနှင့် ဇွဲလုံ့လထားကာ အချိန်ပေးနှစ်မြှုပ်လုပ်ဆောင်မှသာ သက်ဆိုင်ရာ သီးနှံ (သို့မဟုတ်)နည်းပညာကို ပိုင်နိုင်ကျွမ်းကျင်သောအတတ်ပညာရှင်များပေါ်ထွန်းလာပြီး အောင်မြင်မှုများ ရရှိနိုင်မည် အခြားနိုင်ငံများနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ သုတေသနကို စိတ်ဝင်စားလျှင် ဝါသနာပါလျှင် စိတ်ဓာတ်မကျဘဲ ဆက်လက်လုပ်ဆောင်ကြရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချရန်လိုအပ်ကြောင်း အားပေးတိုက်တွန်း လမ်းညွှန်မှာကြားပါသည်။