ဗီဇပြုပြင်ပြီး စပါးလိုင်းများရှိ အစေ့လက္ခဏာများတိုင်းတာခြင်းနှင့် ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုကို ထိန်းချုပ်သော ဗီဇများအားလေ့လာခြင်း သုတေသနစာတမ်းဖတ်ကြားခြင်း
၂၀၂၂ ခုနှစ် အောက်တိုဘာ( ၃) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင် များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင်ဘွဲ့အတွက် တင်သွင်းခဲ့ သော သုတေသနစာတမ်းအား အသိ ပညာမျှဝေသည့် သုတေသနစာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ ဗီဇပြုပြင်ပြီး စပါးလိုင်းများရှိ အစေ့လက္ခဏာများတိုင်းတာခြင်းနှင့် ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုကို ထိန်းချုပ် သော ဗီဇများအား လေ့လာခြင်း ခေါင်းစဉ်ဖြင့် စာတမ်းရှင် ဒေါက်တာထင်ကျော်မှ ဖတ်ကြားတင်သွင်းခဲ့ ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်မှ စပါးသည် ဆားငန်ဒဏ်ခံနိုင်ရည်မဲ့သော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း၊ စပါးပင်များတွင် ဆားငန် ဒဏ်ခံနိုင်ရည်ရှိမှု အဆင့်အမျိုးမျိုး ကွဲပြားခြင်းမှာ မျိုးဗီဇအများ အပြား၏ ပေါင်းစပ်လုပ်ဆောင်မှု၏ ရလဒ်ဖြစ်ပါကြောင်းနှင့် ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော မျိုးဗီဇများ အား လက်ရှိဈေးကွက်ဝင် စပါးမျိုးများထဲသို့ ထည့်သွင်းပေးရန် မျိုးရိုးဗီဇအင်ဂျင်နီယာ (Genetic Engineering) နည်းဖြင့် သို့မဟုတ် MAS (Marker Assisted Selection) နည်းများ အသုံးချနိုင်ပါကြောင်း၊ စာတမ်းရှင်၏သုတေသနတွင် ဆားငန်ခံနိုင်ရည် ဗီဇအား လက်ရှိဈေးကွက်ဝင် စပါးမျိုးထဲသို့ ထည့်သွင်း ခဲ့ပြီး ယင်းဗီဇတို့၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း လေ့လာခဲ့ခြင်းဖြစ်ပါကြောင်း၊ စပါးအစေ့ ပုံသဏ္ဍာန်သည် စပါးအထွက်နှုန်းနှင့် စားသုံးမှုအရည်အသွေးကို ဆုံးဖြတ်ပေးသောကြောင့် စပါး သုတေသနဆောင်ရွက်ရာတွင် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပါကြောင်းနှင့် စပါးအစေ့ပုံသဏ္ဍာန် သည် ဗီဇမျိုးစုံဖြင့် ထိန်းချုပ်ထားသော ရှုပ်ထွေးသည့် မျိုးအရည်အချင်းလက္ခဏာ တစ်ခုဖြစ်ပါကြာင်း။
စပါးအစေ့ ပုံစံထိန်းချုပ်သော မျိုးဗီဇအား ပုံတူပွားများခြင်း နှင့် ဗီဇကွန်ရက် တည်ဆောက်ခြင်းများ ဆောင်ရွက်ကြသော်လည်း ပြောင်းသီးနှံမှ မျိုးဗီဇအား စပါးသီးနှံထဲသို့ မျိုးဗီဇထည့်သွင်းခြင်း သုတေသန များဆောင်ရွက် လေ့လာမှုအလွန်နည်းပါးသေးပါကြောင်း ဆက်လက် ဆွေးနွေးပေးခဲ့သည်။
တွေ့ရှိချက်များအနေဖြင့် စာတမ်းရှင်၏သုတေသနတွင် စပါးတွင် ပြောင်းမျိုးဗီဇ ၈၇၀ကျော် ဖော်ပြခြင်း ဒေတာဘေ့စ် (၈၇၀မျိုးဗီဇ)ကို တည်ဆောက် နိုင်ခဲ့ပြီး၊ ပြောင်းမျိုးဗီဇ လုပ်ဆောင်မှုများအား လေ့လာနိုင်ရန်အတွက် ခိုင်မာသော သုတေသနအုတ်မြစ် ချပေးခဲ့ပါကြောင်း၊ ဒေတာဘေ့စ်တွင် အပင် လက္ခဏာများ၏ အချက်အလက်များ (အပင်အမြင့်၊ အရွက်အရောင်၊ ပန်းပွင့်ရက်၊ စပါးစေ့ပုံသဏ္ဍာန်နှင့် အစေ့အလျား၊အနံစသည့်လက္ခဏာများ)ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါကြောင်း၊ စာတမ်းရှင်၏ သုတေသန တွင် စပါးအစေ့ပုံသဏ္ဍာန်ဆိုင်ရာ လက္ခဏာရပ်များကို လျင်မြန်စွာ အကဲဖြတ်နိုင်သည့် SC-K စက်ကို အသုံးပြုခဲ့ပါကြောင်းနှင့် ဤသုတေသနတွင် ကွဲပြားခြားနားသော စပါးအစေ့လက္ခဏာများကို တိုင်းတာ ခြင်း၊ ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ လေ့လာခဲ့သော စမ်းသပ်မျိုးများထဲတွင် စပါးအစေ့တစ်ထောင်၏ ပျမ်းမျှအလေးချိန် ၂၈ ဂရမ်ရှိသော မျိုးလိုင်းများ တွေ့ရှိခဲ့ပါကြောင်း၊ အဆိုပါမျိုးလိုင်းများသည် အစေ့ တစ်ထောင်အလေးချိန် ၂၅ ဂရမ်ရှိသော မိဘမျိုးထက် အစေ့တစ်ထောင်အလေးချိန် ၁၀ ရာခိုင်နှုန်းကျော် တိုးလာပါကြောင်း၊ တစ်ချိန်တည်းမှာပင် ဆိုဒီယမ်ကလိုရိုက်ကို အသုံးပြု၍ စပါးမျိုးလိုင်းများရဲ့ ဆားငန်ခံ နိုင်ရည်ရှိမှုအား စစ်ဆေးခဲ့ရာတွင် ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးလိုင်း (၁၁)လိုင်း တွေ့ရှိခဲ့ပါ ကြောင်း၊ ပြောင်းသီးနှံမှ ALF12 ဗီဇသည် စပါးအစေ့တစ်ထောင် အလေးချိန်လက္ခဏာကို ထိန်းချုပ်သော ကြောင့် ဤပြောင်းဗီဇလက္ခဏာအား စပါးထဲသို့အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါကြောင်း တက်ရောက် လာကြသူများအား သုတေသနအတွေ့အကြုံ မျှဝေပေးခဲ့ပါသည်။
ယခုသုတေသနမှ စပါးအစေ့ တစ်ထောင်အလေးချိန်အပေါ် လွမ်းမိုးသောဗီဇနှင့် ဆားငန်ဒဏ်ခံ နိုင်သော စပါးမျိုးလိုင်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါ စပါးမျိုးလိုင်းများအား စပါး သုတေသနလုပ်ငန်းများ (breeding program)တွင် ဗီဇအရင်းအမြစ်များ (genetic materials) အဖြစ် ပြန်လည် အသုံးချသွားမည် ဖြစ်ပါကြောင်းတို့ ကိုစာတမ်းရှင်မှ အသိပေးတင်ပြပေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက်များအပေါ် သိလိုသည်များအား မေးမြန်းဆွေးနွေး ခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။