အရည်အသွေးကောင်း သစ္စာပန်းမျိုးများ ထုတ်လုပ်နိုင်စေရန် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ ထည့်သွင်းခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်မည့်နည်းလမ်းများအား ရှာဖွေဖော်ထုတ်လေ့လာခြင်းသုတေသန
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဉယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ၊ ပန်းမန်သုတေသန ဌာနစုတွင် ပြည်တွင်းပြည်ပ နှင်းဆီမျိုးကွဲများ ၊ သစ္စာပန်းမျိုးကွဲများနှင့် စံပယ်မျိုးကွဲများ စုဆောင်းပွားများခြင်း၊ အရည်အချင်းလက္ခဏာများအား လေ့လာခြင်းနှင့် ဒေသဖြစ်ထွန်းပြီး အရည်အသွးကောင်းမွန်သည့် ပန်းများ ရရှိစေရန် သုတေသနပြုဆောင်ရွက်လျှက်ရှိပါသည်။
ယခုလက်ရှိ ၂၀၂၂ – ၂၀၂၃ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဉယျာဉ်ခြံ သီးနှံသုတေသနဌာနခွဲ ၊ပန်းမန်သုတေသနဌာနစုနှင့် နေပြည်တော်တိုင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်အုပ်စု၊ အောင်ပန်းကျေးရွာတွင် တောင်သူအခြေပြု ပူးပေါင်း ဆောင်ရွက်ရေး သုတေသနအစီအစဉ်အား ပူးပေါင်းဆောင်ရွက် ရာတွင် ပန်းစိုက်ပျိုးသည့် အကျိုးဆောင် တောင်သူ ဦးအောင်လှိုင်၏ သစ္စာပန်းစိုက်ခင်းတွင် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ ထည့်သွင်းအသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုအတွက် ကုန်ကျစရိတ်လျှော့ချပြီး အရည်အသွေးကောင်း သစ္စာပန်းများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် သုတေသနစမ်းသပ်ကွက်အား ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။
၎င်းသုတေသနစမ်းသပ်ကွက်တွင် စမ်းသပ်ချက်များအနေဖြင့် နွားချေး( 5 kg/m2) ထည့်ခြင်း၊ ကြက်ချေး (5 kg/m2 ) ထည့်ခြင်း ၊ တီကျစ်မြေဆွေး (5 kg/m2 ) ထည့်ခြင်း ၊ Trichoderma ( 150 kg/m2 ) ထည့် ခြင်းနှင့် ဗလာစမ်းသပ်ချက်များအားထည့်သွင်း၍ ကျပန်း နမူနာပုံစံဖြင့် စမ်းသပ်ဆောင်ရွက်ထားရှိထားပြီး မှတ်တမ်း များအား ပုံမှန် ကောက်ယူ ဆောင်ရွက်လျှက်ရှိပါသည်။ ဆက်လက်၍ နေပြည်တော်တိုင်းရှိ ပန်းစိုက် တောင်သူများ နှင့်သာမက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ သစ္စာပန်းစိုက်တောင်သူများနှင့်လည်း ပူးပေါင်း၍ တောင်သူအခြေပြု သုတေသနပူးပေါင်းဆောင်ရွက်ချက်များအား ဆက်လက် ဆောင်ရွက်သွားမည် အကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။