ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိစိုက်ကွင်း များ၏ မြေဆီလွှာအာဟာရဓာတ်များ ပျံ့နှံ့တည်ရှိမှုကို လေ့လာခြင်း ခေါင်းစဉ်ဖြင့်စာတမ်းဖတ်ကြားခြင်း
၂၀၂၂ ခုနှစ် စက်တင်ဘာ(၂၆) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေ သန စာတမ်းအား အသိ ပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိစိုက်ကွင်း များ၏ မြေဆီလွှာ အာဟာရဓာတ်များ ပျံ့နှံ့တည်ရှိမှုကို လေ့လာခြင်း ခေါင်းစဉ်ဖြင့် စာတမ်း ရှင် ဒေါ်လှဝင်းဌေးမှ ဖတ်ကြား တင်သွင်းခဲ့ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ဒုတိယညွှန ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါ သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် မှ ဒေသတစ်ခု၏ မြေဆီအဟာရဓာတ်များကို ဖော်ပြ သော မြေပုံများသည် ထိုဒေသ၏ မြေဆီအဟာရဓာတ် ဆိုင်ရာ သတင်း အချက် အလက်များကို အလွယ်တကူ ရရှိ နိုင်သော အရင်းအမြစ် တခုဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် Global Positioning System (GPS) နှင့် Geographic Information System (GIS) နည်းပညာတို့ကို အသုံးချ၍ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ စိုက်ပျိုးမြေဧရိယာ (၁၅.၉)ဟက်တာအား ၅၀ မီတာ ပတ်လည် Grid အကွက် များချ၍ အပေါ်ယံ မြေဆီလွှာ (၂၀) စင်တီမီတာ အနက်မှ မြေနမူနာ (၈၈) ခု စုဆောင်းခဲ့ပြီး မြေ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများအား ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ကာ မြေဆီလွှာ အာဟာရဓာတ်များ ပျံ့နှံ့ တည်ရှိမှု များကို ၂၀၁၉ ခုနှစ် တွင် လေ့လာခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
စာတမ်းရှင်မှ သူမ၏သုတေသသနအား စိုက်ပျိုးမြေ ဧရိယာ၏ မြေဆီလွှာ အာဟာရ ဓာတ် အဆင့်အတန်း အခြေအနေအား အကဲဖြတ် လေ့လာပြီး လိုအပ်သော မြေဆီသြဇာ စီမံခန့်ခွဲမှု များ ပြုလုပ်နိုင်ရန် နှင့် မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ ပျံ့နှံမှုအခြေ အနေပြ မြေပုံများအား ဂုဏ်သတ္တိ တစ်ခုချင်းစီအတွက် GIS နည်းပညာဖြင့် မြေပုံရေးဆွဲခြင်းကို ဆောင်ရွက်ရန် ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် မြေနမူနာ ဓာတ်ခွဲ ခြင်းများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မြေဆီ လွှာနှင့် ရေသိပ္ပံ ပညာဌာနရှိ မြေနမူနာ ဓာတ်ခွဲခန်းတွင် တိုင်းတာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
တိုင်းတာစစ်ဆေးချက်များအရ မြေချဉ်ငန်ဓာတ်၊ ဆားပါဝင်မှု တိုင်းတာခြင်းနှင့် မြေ၏သိပ်သည်းဆ တို့သည် မြေဆီလွှာအား ထိခိုက်နိုင်သည့် အနေအထား မရှိကြောင်း ၊စုစုပေါင်း နိုက်ထရိုဂျင် အာဟာရဓာတ်၊ အပင်မှ အလွယ်တကူရရှိနိုင်သော ပိုတက်စီယမ် အာဟာရဓာတ် ၊ သစ်ဆွေးပါဝင်မှု ရာခိုင်နှုန်းနှင့် အာဟာရဓာတ်ဖလှယ် နိုင်မှုဂုဏ်သတ္တိတို့သည် အလွန်နည်းသော အခြေအ နေတွင် တွေ့ရပါကြောင်း၊ အပင်မှ ရရှိနိုင်သော ဖော့စဖောရပ် အာဟာရဓာတ်သည် သင့်တင့်သော အခြေအနေတွင် ရှိပါကြောင်း၊မြေမှုန် အရွယ်အစား ခွဲခြမ်းစိတ်ဖြာရာတွင် မြေဆီလွှာသည် သဲဆန်သော မြေအမျိုးအစား ဖြစ် ကြောင်း တို့ကို သိရှိခဲ့ရပါသည်။
စာတမ်းရှင်မှ သူန၏တွေ့ရှိချက်များအပေါ်အခြေခံ၍ မြေဆီလွှာအား ဓာတ်ခွဲ စမ်းသပ်မှုပြုလုပ်၍ မြေဆီ သြဇာစီမံခန့်ခွဲမှုသည် ရေရှည် တည်တံ့သော မြေဆီလွှာ စီမံခန့်ခွဲမှုအတွက် အလွန်အရေးကြီးပါကြောင်း၊ စိုက်ပျိုး မြေ၏ မြေဆီသြဇာ အဆင့်အတန်း တိုးတက် လာစေရန် သဘာဝမြေသြဇာ၊ ဓါတုမြေသြဇာ များပါ ရှိသည့် အရင်းအမြစ်များကို လိုအပ်သော ပမာဏပြည့်မီစွာ အချိန်မှန်၊ နှုန်းထားမှန် နှစ်စဉ် ထည့်သွင်းပေးခြင်း၊ သီးနှံ အကြွင်းအကျန်များ ပြန်လည် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုး မြေများအား ပဲမျိုးရင်းဝင် သီးနှံ များဖြင့် သီးညှပ် (သို့မဟုတ်) သီးလှည့်စနစ်အား စိုက်ပျိုး ပေးခြင်းများ လိုအပ်ပါကြောင်းအကြံပြု မျှဝေပေးခဲ့သည်။
စိုက်ပျိုးမည့်မြေ၏ မြေဆီသြဇာ သတင်း အချက်အလက်များပါရှိသည့် မြေပုံများ အားအသုံး ပြုခြင်း ဖြင့် မြေဆီလွှာအား စနစ်တကျ စီမံခန့်ခွဲရာတွင် မှန်ကန် မြန်ဆန် သည့် ဆုံးဖြတ်ချက်များ ပေးနိုင်မည် ဖြစ်ကြောင်း ကိုလည်း ထပ်မံ အကြံပြုတင်ပြ ခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက် များအပေါ် သိလို သည်များအား မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန