ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာ
ဒေါက်တာနီနီတင့်
(စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
ယနေ့အချိန်အခါတွင် ရာသီဉတုပြောင်းလဲလာမှုများ လျှင်မြန်စွာ ဖြစ်ပေါ် လျှက်ရှိရာ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုကို ရင်ဆိုင် ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုကကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ် ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေး ဆိုင်ရာသဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။
ထို့အပြင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအလွန် ဖြစ်၍ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံတကာမှာ စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေ ဩဇာများ ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်း မြင့် တက်ခြင်းနှင့် အလွယ်တကူဝယ်ယူ၍ မရသော ပြဿနာများနှင့် ရင်ဆိုင်နေရ ပါသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်မှာ မြေဆီလွှာ အရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရန်မှာ အရေး ကြီးလှပါသည်။ အပင် အာဟာရဓာတ် လုံလောက်မျှတစွာရနိုင်မှသာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ နွားချေးနှင့် သစ်ဆွေးမြေဩဇာများ သုံးစွဲခြင်း၊ သီးနှံရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ ပြန်လည်ထည့် သွင်းပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရ ဓာတ်များ လျော့ နည်း ဆုံးရှုံးခြင်းတို့ကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူ တောင်သူများ အမြတ်အစွန်း ရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်း တည် ဆောက်မှုကို ကောင်းမွန် စေသည့် ထွန်ယက် စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ မြေတွင်းသို့ ပြန်လည် ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့အပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီး ဆုံးရှုံးခြင်းများကို ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင်ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာ အတွင်းရှိ အကျိုးပြုဇီဝသက်ရှိများနှင့် အပင်အာဟာရဓာတ် လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ခြင်းများကို အဓိကထား၍လည်း ဆောင်ရွက်သင့်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သစ် စိမ်းမြေဩဇာစိုက်ပျိုးခြင်းသည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။
စိုက်ပျိုးရေးသုတေသနဉီးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များကို ဖြန့်ဝေပေးခြင်း၊ သီးနှံအထွက်တိုးစေမည့် နည်းလမ်းကောင်းများကို လေ့လာသုတေသနပြုခြင်း၊ မျိုးသစ်မျိုးကောင်းများ၊ မြေဆီလွှာနှင့် မြေဩဇာစီမံ ခန့်ခွဲမှု နည်းလမ်းကောင်းများကို သုတေသနပြု ဆောင်ရွက်လျှက်ရှိပါသည်။
သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်ဆွေးမြေ့လွယ်၍ ဇီဝဒြပ်ထု (Biomass) အထွက်များများရရှိသော အပင်မျိုးများကို ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်း အားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင်ဖြစ်ပါသည်။
သီးနှံများ မစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီ အချိန် တွင် ထယ်ထိုး မြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့် သစ်ဆွေးဓာတ်(Organic Matter)များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် ပဲမျိုးရင်းဝင်အပင် များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲ စသည်တို့အပြင် ပိုက်ဆံလျှော်၊ ဆူးမဲ့ ထိကရုန်း (Mimosa) အစရှိသည်တို့ကို သစ်စိမ်းမြေဩဇာ အပင်များအဖြစ် အသုံးပြု နိုင်ပါသည်။ ၎င်းတို့အထဲမှ ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသော သစ်စိမ်း မြေဩဇာအပင် ပိုက်ဆံလျှော်အကြောင်း သိကောင်းစရာများကို သုတေသန တွေ့ရှိ ချက်များနှင့်တကွ ဖော်ပြပေးသွားမည်ဖြစ်ပါ သည်။
ပိုက်ဆံလျှော်ပင်သစ်စိမ်းမြေဩဇာ
သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရအလွယ်ကူ ဆုံးအပင်သည် ပိုက်ဆံလျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆံလျှော်၏ အင်္ဂလိပ်အမည်မှာ Sunnhemp ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆံလျှော် ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်းမြေဩဇာပင်အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။
အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာပေါက် ရောက် ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ လင်းတာတုန့်ပြန်မှုရှိပြီး နေ့တာရှည် ကာလများရရှိပါက ပင်ပိုင်းကြီးထွားမှု ကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။
ပိုက်ဆံလျှော်ပင်အား သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်း
ပိုက်ဆံလျှော်အား သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် စိုက်ပျိုးမည်ဆိုပါက မျိုးစေ့နှုန်း တစ်ဧကလျှင် ၆ ပြည် မှ ၁၂ ပြည်အထိ အသုံးပြုရန် လိုအပ်ပါသည်။ မျိူးစေ့နှုန်းထားများများသုံးလေ သစ်စိမ်းပမာဏ များများရလေ ဖြစ်ပါသည်။
ပုံမှန်အားဖြင့် စပါးအခြေခံ သီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါး ရိတ်သိမ်းပြီး နောက် ထယ်(၁)စပ်၊ ထွန်(၁)စပ်ဝင်ပြီး မျိုးစေ့ကို ညီညာအောင် ကြဲပက်ရပါသည်။ ထို့နောက် ထွန်(၁)စပ်ဖြင့် ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြှုပ်ရမည့် အချိန်သည် အထူးအရေးကြီးပါသည်။
– မိုးရေကိုသာ အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံ မစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင်(၄၅)ရက်သားမှ (၆၅)ရက်သား အတွင်း ထယ်ထိုးမြေမြှုပ် ပေးရပါသည်။
– ပုံမှန်အားဖြင့် လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက် နွေသီးနှံ မစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်၍ အပင်(၄၅)ရက်သားမှ (၆၅)ရက် သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။
– နွေသီးနှံ ရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက် ၍လည်း အပင်(၄၅)ရက်သားမှ (၆၅)ရက်သားအတွင်း သစ်စိမ်းမြေဩဇာ အဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်းရှိပါသည်။
– အခြားနေရာတွင် စိုက်ပျိုးထားပါက သက်တမ်း(၄၅)ရက်မှ (၆၅)ရက်သား အတွင်း ပိုက်ဆံလျှော်အပင်အား ရိတ်ပြီး လယ်တွင်ချ၍ စပါးမစိုက်ခင် (၂)ပတ် အလို သမန်းတွင်မြှုပ်၍ ထည့်သွင်းနိုင်ပါသည်။
၂၀၁၄-၂၀၁၅ ခုနှစ်၌ ပိုက်ဆံလျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင်သက်တမ်း အလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ ရရှိသော အာဟာရဓာတ်ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည်။
ပိုက်ဆံလျှော်၏အပင်သက်တမ်းအလိုက် မြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးနိုင်မည့် အာဟာရဓာတ်
သစ်စိမ်းပင် ထယ်ထိုးသည့်
အပင်ရက်သား မြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးနိုင်မည့် အာဟာရဓာတ် (ပေါင်/ဧက)
နိုက်ထရိုဂျင် ဖော့စဖရပ်စ် ပိုတက်ရှ်
ပိုက်ဆံလျှော် ၄၅ ၈၆ ၁၁ ၄၈
ပိုက်ဆံလျှော် ၆၅ ၄၂ ၈ ၁၉
ပဲလွမ်းနှင့် မတ်ပဲတို့၏အပင်သက်တမ်းအလိုက်မြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးနိုင်မည့် အာဟာရဓာတ်
သစ်စိမ်းပင် ထယ်ထိုးသည့်
အပင်ရက်သား မြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးနိုင်မည့် အာဟာရဓာတ် (ပေါင်/ဧက)
နိုက်ထရိုဂျင် ဖော့စဖရပ်စ် ပိုတက်ရှ်
ပဲလွမ်း ၄၅ ၇၄ ၁၁ ၂၈
ပဲလွမ်း ၇၅ ၃၀ ၇ ၁၅
မတ်ပဲ ၄၅ ၅၆ ၁၀ ၂၅
မတ်ပဲ ၇၅ ၃၆ ၅ ၁၂
သုတေသနမှတ်တမ်းများအရ ပိုက်ဆံလျှော် မျိုးစေ့ တစ်ပြည်လျှင် မျိုးစေ့ အရေအတွက် (၅)သောင်းခန့်ပါရှိပြီး တစ်ဧကလျှင် ၁၀ ပြည်နှုန်း ကြဲပက်ပါက မျိုးစေ့ ၅ သိန်းခန့် ရှိမည်ဖြစ်ပါသည်။ ၎င်းမျိုးစေ့များကို ကြဲပက်ပါက အပင်ပေါက်ရာခိုင်နှုန်း (၈၀) ရှိမည်ဆိုလျှင် ပိုက်ဆံလျှော်အပင်ပေါက် ၄ သိန်းကျော် ရရှိမည်ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်၊ မိုးစပါးမစိုက်မီ စမ်းသပ်တွေ့ရှိချက်မှာ တစ်ဧကလျှင် မျိုးစေ့နှုန်း ၁၀ ပြည်ဖြင့် ရက် (၅၀) သား၌ ထယ်ထိုးမြေမြှုပ်လျှင် တစ်ဧကလျှင် သစ်စိမ်းပမာဏ အစိုချိန် ၁၂.၅ တန်ထွက်ရှိမှုမှ တစ်ဧကလျှင် နိုက်ထရိုဂျင်ဓာတ်ပမာဏ ၁၃၂.၅ ပေါင်၊ ဖော့စ်ဖရပ်ဓာတ် ၁၇.၅ ပေါင်၊ ပိုတက်စီယမ်ဓာတ် ၁၅၄ ပေါင်နှင့် ဆာလ်ဖာဓာတ် ၉ ပေါင်ခန့် ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ (အမြစ်မပါ ကျန်အပင်အစိတ်အပိုင်း၏ နိုက်ထရိုဂျင်ဓာတ် ပါဝင်မှုရာခိုင်နှုန်း (၃.၀%)၊ ဖော့စ်ဖရပ်ဓာတ် ပါဝင်မှုရာခိုင် နှုန်း(၀.၄၀%)၊ ပိုတက်စီယမ်ဓာတ် ပါဝင်မှုရာခိုင်နှုန်း(၃.၄၅%)တို့အပေါ် မူတည်၍ တွက်ထားခြင်းဖြစ်ပါသည်။) ဤတွက်ချက်မှုပမာဏတို့သည် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိတို့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အပင်မှရယူနိုင်မှု၊ မြေ၏အပူချိန်နှင့် ရာသီဥတုများအပေါ်မူတည်၍ အာဟာရဓါတ်ရရှိမှု ကွာခြားနိုင် ပါသည်။
သက်တမ်းကြာလေ ဇီဝဒြပ်ထု (Biomass) အထွက်ပမာဏ ပိုများနိုင်လေ ဖြစ်ပါသည်။ သို့ရာတွင် သက်တမ်းကြာလာသည်နှင့်အမျှ အပင်အစိတ်အပိုင်းများ ပိုမို ရင့်မာလာသဖြင့် ထယ်ထိုးနစ်မြှုပ်ပါက ဆွေးမြေ့ချိန် ပိုမိုကြာနိုင်မည်ဖြစ်ပါသည်။
ထယ်ထိုးနစ်မြှုပ်ထားပြီး ၁၀ ရက် မှ ၁၄ ရက်အကြာတွင် ကောင်းစွာ ဆွေးမြေ့ ပြီး မှသာလျှင် နောက်သီးနှံကို စိုက်ပျိုးသင့်ပါသည်။
ပိုက်ဆံလျှော်စိုက်ခင်း ထယ်ထိုးမြေမြှုပ်နေပုံနှင့် မြေမြှုပ်ပြီးအခြေအနေ
ပိုက်ဆံလျှော် သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁) မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေး ဓာတ် ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေ ပါသည်။
၂) လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်း နိုက်ထရို ဂျင်ဓာတ် ဖြည့်တင်းပေးရာရောက်ပါသည်။
၃) မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ်များအား မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံး ခြင်းမှ ကာကွယ်ပေးသည်။
၄) မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများ ပျက်စီးမှုကို ကာကွယ်ပေးပါသည်။
၅) မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက်စေပါသည်။
မျိုးစေ့ထုတ် စိုက်ပျိုးခြင်း
ပိုက်ဆံလျှော်အား မျိုးစေ့ထုတ် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသင့်သောအချိန်မှာ ဩဂုတ်လအတွင်း ဖြစ်ပါသည်။ တစ်ဧကလျှင် မျိုးစေ့နှုန်း ၃-၄ ပြည်နှုန်းဖြင့် အသုံး ပြုရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား ၁ပေခွဲခြား၍ ကြွက်မြီးတန်းချ စိုက်ပျိုးရ ပါသည်။ ၂ ပတ်သားခန့်တွင် ၆ လက်မခြား ၁ ပင်ချန် သားခွဲပေးရန် လိုပါသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အသီးတောင့်များ ရိတ်သိမ်း နိုင်ပါသည်။ ရိတ်သိမ်း ပြီးနောက် အခြောက်ခံ ခြွေလှေ့သန့်စင်၍ မျိုးစေ့အဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧက လျှင် မျိုးစေ့အထွက်နှုန်း ၈ တင်းမှ ၁၀ တင်းခန့် ရရှိနိုင်ပါသည်။ ပိုက်ဆံလျှော်သည် နေ့တာတို အပင်မျိုးဖြစ်ပြီး နေ့တာအတိုအရှည်အပေါ် မူတည်၍ ပန်းပွင့်ချိန် ကွာခြား နိုင်ပါသည်။ သို့ဖြစ်ပါ၍ တစ်နှစ်လျှင် တစ်ကြိမ်သာလျှင် မျိုးစေ့ထုတ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။
ပန်းပွင့်နေသော ပိုက်ဆံလျှော်စိုက်ခင်းပုံ ပိုက်ဆံလျှော်မျိုးစေ့ပုံ
ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာပင်များသည် မြေဆီလွှာ၏ အရည်အသွေးကို တိုးတက်စေရုံသာမက ပိုက်ဆံလျှော်ပင်သည် ပေါင်းပင်များပေါ်မှ အုပ်မိုး ကြီးထွားလေ့ ရှိသဖြင့် ပေါင်းပေါက်ရောက်မှု လျော့ပါးစေခြင်း၊ မြေတွင်းသို့ အခြားသဘာဝမြေဩဇာ များ(မြေဆွေး၊နွားချေး)များ လိုက်လံထည့်ပေးရသည်ထက် လုပ်အားခ သက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုကို လျော့နည်းစေကာ ကုန်ကျစရိတ် သက်သာစေခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်းစသော အကျိုးကျေးဇူး များ ရရှိစေပါသည်။
အချို့နိုင်ငံများတွင် ပိုက်ဆံလျှော်ကို သစ်စိမ်း မြေဩဇာအဖြစ်သာမက စက္ကူ၊ ကြိုး၊ ပိုက်ကွန်နှင့် ဖျာများ ရက်လုပ်ရန် လျှော်ပင်အဖြစ်လည်း အသုံးပြုကြောင်း လေ့လာတွေ့ရှိရ ပါသည်။
ထို့ကြောင့် ပိုက်ဆံလျှော်အား သစ်စိမ်းမြေဩဇာအဖြစ်လည်းကောင်း၊ အခြား အသုံးပြုမှုများအတွက်လည်းကောင်း လွန်စွာအသုံးဝင်သော အပင်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများအတွက် လက်တွေ့စိုက်ပျိုးအသုံးချနိုင်ပါရန် သုတေသနတွေ့ ရှိချက်များကို ကိုးကား၍ ရေးသားဖော်ပြ လိုက်ရပါသည်။
အကိုးအကား။
– စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာသိပ္ပံသုတေသနဌာနစု ဓာတ်ခွဲစစ်ဆေး ခြင်း ရလဒ်အဖြေများ။ (၂၀၁၄-၂၀၁၅, ၂၀၂၀-၂၀၂၁)
– စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးစနစ်သုတေသနဌာနစု။(၂၀၂၁)
– //www.researchgate.net. Sunnhemp in India.