စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ရေအသုံးချရေး သုတေသနဌာနစု

ရေအသုံးချရေးသုတေသနဌာနစုသည် ပြောင်းလဲနေသော ရာသီဥတုအပေါ် မူတည်၍ သီးနှံများ အထွက်နှုန်းတည်ငြိမ်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရေးတို့အတွက် စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချရေးသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

လုပ်ငန်းတာဝန်များ

(၁)  စိုက်ပျိုးရေကို အကျိုးရှိရှိ ချွေတာသုံးစွဲရေးနည်းပညာများ ဖွံ့ဖြိုးလာစေရန်။

(၂) သင့်လျော်ကောင်းမွန်သော မိုးရေထိန်းသိမ်းသိုလှောင်သည့် နည်းစနစ်များ ဖွံ့ဖြိုး လာစေရန်။

(၃) မျိုးမွေးမြူသူများအတွက် ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော သီးနှံမျိုးများ ရှာဖွေ ဖော်ထုတ်ရန်။

(၄) သီးနှံနှင့်ရေဆက်စပ်မှုအား လေ့လာရန်။

(၅) စိုက်ပျိုးရေ ၊ သီးနှံမျိုးစေ့ နှင့် မြေသြဇာ တို့၏အရည်အသွေးတို့အား သိရှိရန်အတွက် ဓာတ်ခွဲ စမ်းသပ်ရန်။

(၆) မြေဆီဓာတ်ခွဲသေတ္တာများ ထုတ်လုပ်ဖြန့်ဖြူးရန်။

ဆောင်ရွက်လျက်ရှိသောသုတေသနလုပ်ငန်းများ

၁) စပါးသီးနှံတွင် စိုက်ပျိုးရေကို အကျိုးရှိစွာ ချွေတာသုံးစွဲခြင်း နည်းလမ်းများ

၂) ယာစပါးမျိုးများ၏ ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှုနှင့် အမြစ်ဖွဲ့စည်းမှုများအား လေ့လာခြင်း

၃) စပါးသီးနှံ၏ ရေထိန်းစနစ်အမျိုးမျိုးတွင် မှန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှုအား လေ့လာခြင်း

၄) မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် စိုက်ပျိုးရေ မလုံလောက်သော ဒေသများအတွက် သုတေသန လုပ်ငန်းများ

၅) အပူချိန်မြင့်မားသော၊ ခြောက်သွေ့ချိန် ကြာမြင့်သော၊ အအေးလွန်ကဲသော ဒေသများအတွက် သုတေသနလုပ်ငန်းများ

၆) မြေဆီလွှာထိန်းသိမ်းခြင်း နှင့် မြေတွင်းအစိုဓါတ်ဆုံးရှုံးမှု လျော့နည်းစေသည့် သုတေသန လုပ်ငန်းများ

၇) ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေ၏ အရည်အသွေးပြောင်းလဲမှုကို ဖော်ထုတ်ခြင်း သုတေသနလုပ်ငန်းများ

၈) စိုက်ပျိုးရေးနည်းပညာပြန့်ပွါးမှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

သုတေသနရလဒ်များ

စိုက်ပျိုးရေကို အကျိုးရှိစွာ ချွေတာသုံးစွဲခြင်းနည်းလမ်းတွင် စပါးသီးနှံ၌ စိုတစ်လှည့် ခြောက်တစ်ခါ ရေထိန်းစနစ်ကို အသုံးပြုခြင်းဖြင့် မြေအမျိုးအစားပေါ်မူတည်၍ စိုက်ပျိုးရေကို (၂၅-၄၅) ရာခိုင်နှုန်းထိ ရေချွေတာ သုံးစွဲနိုင်ပြီး သီးနှံ၏ အထွက်နှုန်းအပေါ် ထိခိုက်ခြင်း မရှိသည်ဟု တွေ့ရှိရပါသည်။

မြစ်ရေတင်ဒေသများတွင် ရေတင်ရသော အကြိမ်နည်းပါးခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ် ကိုလည်း လျော့ချစေနိုင်ကြောင်း တွေ့ရှိရပါသည်။

မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုံဒေသများတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် စိုက်ပျိုး ရေ မလုံလောက်သဖြင့် ရေချွေတာသည့် နည်းလမ်းများ ဖြစ်သည့် ရေမွှားစနစ်ဖြင့် ရေဖျန်းခြင်း၊ အစက်ချနည်းဖြင့် ရေဖျန်းခြင်းအားဖြင့် စိုက်ပျိုးရေကို ပုံမှန်သုံးစွဲသည်ထက် လျော့ချနိုင်ပြီး ရေ အကျိုးထိရောက်မှု မြင့်မားကြောင်းကိုလည်း တွေ့ရှိရပါသည်။

သုတေသနစမ်းသပ်ချက်မှ မြေတွင်းအစိုဓါတ်မလုံလောက်သော အခြေအနေတွင် အထွက် အသင့်တင့်ပေးစွမ်းနိုင်ပြီး အမြစ်ဖွဲ့စည်းမှု ကောင်း၍ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို ဖော်ထုတ်နိုင်သောကြောင့် သီးနှံမျိုးများ မွေးမြူသူ (Breeder) များကို တစ်ဖက်တစ် လမ်းမှ ကူညီဆောင်ရွက်နိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။

သီးနှံအကြွင်းအကျန်များကို စိုက်ခင်းအတွင်း ထည့်သွင်းပေးခြင်းနှင့် ဒုတိယသီးနှံစိုက်ခင်း တွင် ဖုံးအုပ်ပေးခြင်းအားဖြင့် မြေဆီဩဇာဓါတ်တိုးစေသည့်အပြင် မြေတွင်းအစိုဓါတ်ကို ထိန်းသိမ်း ထားခြင်းကြောင့် အထွက်နှုန်းကို ထိခိုက်မှု မရှိကြောင်းကိုလည်း တွေ့ရှိထားပါသည်။

စိုက်ခင်းတွင် သွင်းလိုက်သော သွင်းရေ နှင့် စိုက်ခင်းမှ ထွက်သော ထွက်ရေများ၏ အရည် အသွေးပြောင်းလဲမှုကို လေ့လာခြင်းဖြင့် ရာသီအလိုက် ရေအရည်အသွေး ပြောင်းလဲမှု ရှိကြောင်း နှင့် မိမိသုံးစွဲလိုက်သော မြေဩဇာများ၏ ဆုံးရှုံးမှုကို ခန့်မှန်းနိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) စီမံကိန်းနှင့် ပူးပေါင်း ၍ အပင်ဖြစ်ထွန်းမှု မြန်ဆန်သော မြေပြန့်ချယ်ရီအပင်၏ အရွက်များကို စိုက်ခင်းတွင်ထည့်ပြီး အသုံးပြုခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းမှုကောင်းခြင်းနှင့် မြေဆီဩဇာဓါတ်တိုးတက်လာသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

ဌာနတွင် မြေဆီဓါတ်ခွဲသေတ္တာများကို စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်းအားဖြင့် တောင်သူ့ စိုက်ခင်းများတွင်  အလွယ်တကူ အသုံးပြုနိုင်ပြီး စိုက်ခင်းမြေ၏ နိုက်ထရိုဂျင်ဓါတ်၊ ဖော့စဖရပ်ဓါတ် နှင့် မြေချဉ်/ငန် ဓါတ်များကို ခန့်မှန်းနိုင်သောကြောင့် မိမိစိုက်ခင်းမြေ၏ ဓါတ်မြေဩဇာလိုအပ်ချက် ကို အချိန်တိုအတွင်း သိရှိနိုင်ပြီး အသုံးပြုနိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။