စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

မြေဆီလွှာဌာနစု

မြေဆီလွှာဌာနစုသည် သီးနှံများအတွက် ဓာတ်မြေသြဇာအကျိုးရှိစွာသုံးစွဲနည်း (Efficient Use of Fertilizer)၊ မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ် ထိန်းသိမ်းနည်း (Soil Fertility Maintenance) ဆိုင်ရာသုတေသနလုပ်ငန်းများနှင့် သီးနှံအလိုက် မြေဆီလွှာအာဟာရသုတေသနနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်လိုအပ်မည့် ဒေသအလိုက်ဆောင်ရွက်ရမည့် အပင်အာဟာရ ဓာတ် စီမံခန့်ခွဲနည်းများ (Site Specific Nutrient Management) ဖော်ထုတ်ခြင်းဆိုင်ရာသုတေသန လုပ်ငန်းများနှင့် မြေနမူနာများနှင့်အပင် နမူနာများ (Soil and Plant Analysis) ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း လုပ်ငန်းများကို အောက်ပါရည်ရွယ်ချက်များချမှတ်လျက် သုတေသနပြုဆောင်ရွက် လျက်ရှိပါသည်။

ရည်ရွယ်ချက်

က) မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ်များ ထိန်းသိမ်းနည်းဆိုင်ရာနည်းစနစ်များ ကိုဖော်ထုတ်ရန်။

ခ) သီးနှံများအတွက် ဓာတ်မြေသြဇာအကျိုးရှိစွာ သုံးစွဲနည်းများဖော်ထုတ်ရန်။

ဂ) ဒေသအလိုက် နှင့် သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိနိုင်သည့် အပင်အာဟာရဓာတ် စီမံခန့်ခွဲမှုနည်းစနစ် များကိုဖော်ထုတ်ရန်။

ဃ) သီးနှံအလိုက် အထွက်ကောင်းပြီးစျေးနှုန်းသက်သာသော မြေသြဇာထုတ်လုပ်နည်းများကို သုတေသနပြုဖော်ထုတ်ရန်။

င) မြေနမူနာနှင့် အပင်နမူနာဓာတ်ခွဲခြင်းနည်းစနစ်များဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မြေနှင့်အပင်နမူနာများအား ဓာတ်ခွဲစမ်းသပ်ရန်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

က) ရေမြေအခြေအနေပေးသောဒေသများတွင်ရေရှည်တည်တံ့မည့်သီးနှံအထွက်နှုန်းရရှိရေးသုတေသနလုပ်ငန်းများ

၁) မြေတစ်နေရာတည်းတွင် နှစ်စဉ် စပါးနှစ်သီးစိုက်ခြင်းဖြင့် ရေရှည်တွင် စပါးသီးနှံအထွက်နှုန်းပြောင်းလဲလာမှုနှင့် မြေ၏ ဂုဏ်သတ္တိများပြောင်းလဲလာမှုကိုလေ့လာခြင်း။

၂) မြေတစ်နေရာတည်းတွင် နှစ်စဉ် စပါး-မြေလှပ်-စပါးနှင့် စပါး-ပဲ-စပါးစိုက်ပျိုးခြင်းတို့၏ ရေရှည်တွင် စပါးသီးနှံအထွက်နှုန်းပြောင်းလဲလာမှုနှင့် မြေ၏ ဂုဏ်သတ္တိများပြောင်းလဲလာမှုကိုလေ့လာခြင်း။

၃) စပါး-စပါးသီးနှံပုံစံများ၏ နှစ်ရှည်စိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် Gliricidia အားသစ်စိမ်းမြေသြဇာ အဖြစ် အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှု။

၄) စပါး-စပါးသီးနှံပုံစံများတွင်မြေဆီစစ်ဆေးမှုအခြေခံ၍ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ် နှင့် ပိုတက်စီယမ် မြေသြဇာနှုန်းထားသတ်မှတ်ထည့်သွင်းခြင်း၏ စပါးသီးနှံအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကို ပုံမှန်ထည့်သွင်းနေကြ ထောက်ခံနှုန်းထား (Blanket Recommendation) နှင့် နှိုင်းယှဉ်လေ့လာခြင်း။

၅) မြေသြဇာတုန့်ပြန်မှုကောင်းသော အထွက်တိုးစပါးမျိုးများအား မြစိမ်းရောင် အထူးအထွက်တိုး စပါးထုတ်လုပ်နိုင်ရန် ကွင်းအခြေအနေတွင် စိစစ်ရွေးချယ်ခြင်း။

၆) လယ်စပါးယာစပါးတို့တွင် မြေဆီစစ်ဆေး၍ မြေသြဇာနှုန်းထားထောက် ခံချက်ပေးခြင်းအားဒေသအလိုက် ဓာတ်မြေသြဇာတုန့်ပြန်မှုမျဉ်းကွေးဆွဲနိုင်ရန် မြေသြဇာနှုန်းထားစမ်းသပ်ကွက်များဆောင်ရွက်ခြင်း။ (လယ်စပါး _ရေဆင်း၊ ကျောက်ဆည်၊ ကျောက်တံတား၊ မြောင်းမြ၊ လက်ပံတန်း၊ သဲကုန်း၊ တာယော၊ မိုးညှင်း၊ လွိုင်ကော်၊ ဇလုပ်၊ ယာစပါး_ကျောက်မဲ၊ ကျိုင်းတုံနှင့် တာယော)။

၇) ပဲမျိုးစုံသီးနှံတို့တွင် မြေဆီစစ်ဆေး၍ မြေသြဇာနှုန်းထားထောက်ခံချက် ပေးခြင်းအားဒေသအလိုက် ဓာတ်မြေသြဇာတုန့်ပြန်မှုမျဉ်းကွေးဆွဲနိုင်ရန် မြေသြဇာနှုန်းထားစမ်းသပ်ကွက်များဆောင်ရွက်ခြင်း။

(မြေပဲ_ရှမ်းကလေးကျွန်း၊ မကွေး၊ မတ်ပဲ_လက်ပံတန်း၊ တပ်ကုန်း၊

ပဲပုပ်_ကျောက်မဲ၊ မိုးညှင်း၊

ပဲတီစိမ်း_စီပင်၊ ညောင်ဦး၊ တပ်ကုန်း၊

ကုလားပဲ_စီပင်၊ ဇလုပ်၊ ပန်းကုံး၊ မြင်းခြံ၊ တပ်ကုန်း)

၈) ပဲစင်းငုံသီးနှံတွင် ဘိုရွန်ဓာတ်၏ အကျိုးထိရောက်မှုကိုစမ်းသပ်ခြင်း (ကျောက်မဲ၊ ဇလုပ်၊ မြင်းခြံ)။

ခ) ရေမြေအခြေအနေမပေးသောဒေသများတွင်သီးနှံတိုးတက်ထုတ်လုပ်ရေးနှင့်လူမှုဘဝများတိုးတက်မြင့်မားလာစေရေးသုတေသနလုပ်ငန်းများ။

၁) နိုက်ထရိုဂျင်ချို့တဲ့မှုဒဏ်ခံနိုင်သည့် စပါးမျိုးများ၏ နိုက်ထရိုဂျင် အကျိုးထိရောက်စွာ သုံးစွဲနိုင်မှုကိုတိုင်းတာခြင်း။

သုတေသနရလဒ်

(က) စပါးသီးနှံဆိုင်ရာမြေသြဇာသုတေသနတွေ့ရှိချက်

၁။ မြန်မာနိုင်ငံစပါးစိုက်မြေများတွင် ကန့်ဓာတ်ချို့တဲ့မှုကိုစတင်ဖော်ထုတ်နိုင်ခဲ့ပြီးဂျစ်ပဆန် မြေသြဇာတဧကလျှင် ပေါင် (၁၀၀) နှုန်းအားမြေခံထည့်ပေးခြင်းဖြင့်စပါးအထွက် ၂၈ % မှ ၃၀ % ထိတိုးစေနိုင်ပါသည်။

၂။ စပါးသီးနှံတွင် သွပ်ဓာတ်မြေသြဇာ (ဇင့်ဆာလဖိတ်)အားတဧကလျှင် ၃ ပေါင်နှုန်းမြေခံအဖြစ်ထည့်သွင်းပေးခြင်းဖြင့် စပါးအထွက် ၁၀% မှ ၁၅% အထိတိုးစေနိုင်ပါသည်။

၃။ စပါးသီးနှံတွင် အသုံးပြုမည့် ယူရီးယားဓာတ်မြေသြဇာအားအကြိမ်ခွဲကျွေးခြင်းနှင့် ခွဲကျွေးတိုင်းတစ်ညကြိုတင် အသုံးပြုမည့် ယူရီးယားပမာဏနှင့် ထုထည်ဆတူသောနွားချေးမှုန့် အခြောက်နှင့် လူးနယ်၍ လေလုံအောင် နှပ်ထားပေးပြီးမှ ထည့်သွင်းပေးခြင်းဖြင့် ယူရီးယားသုံးစွဲရမှု ၃၀% သက်သာစေသည့်အပြင် စပါးအထွက် ၁၅% မှ ၂၀% အထိတိုးစေနိုင်ပါသည်။

၄။ စပါးသီးနှံတွင် အသုံးပြုမည့် ပိုတက်ရှ်မြေသြဇာပမာဏ၏ တဝက်စီအားကောက်လှန်ချိန်နှင့် ပင်ပွားချိန်တို့တွင် ၂ ကြိမ်ခွဲထည့်ပေးပါကပိုတက်ရှ်မြေသြဇာဆုံးရှုံးမှုနည်းသည့်အပြင် စပါးသီးနှံအထွက် ၄% ထိတိုးစေနိုင်ပါသည်။

၅။ စပါးသီးနှံတွင် နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ်ပါသောလက်ချားအားအနှံစထွက်ချိန်တွင် အရွက်ပေါ်ဖျန်းပေးခြင်းဖြင့် စပါးသီးနှံတွင် ၃% မှ ၁၅% အထွက် တိုးစေနိုင်ပါသည်။

၆။ မြေသြဇာအနည်းငယ်သာသုံးစွဲနိုင်သောတောင်သူများအတွက် မြေသြဇာနှုန်းထားအနည်းငယ်ဖြင့်သင့်တင့်သောစပါးအထွက်ကိုပေးနိုင်သည့် စပါးမျိုးများကိုရှာဖွေခဲ့ရာတွင် လက်ရှိစမ်းသပ်ပြီးမျိုး ၁၀၆ မျိုးအနက် အိုင်တီအေ -၃၄၄၊ ရေဆင်းယာ – ၉ နှင့် အိုင်အာအေတီ ၁၉၁ စပါးမျိုးတို့ကိုတွေ့ရှိထားပါသည်။

(ခ) ပဲမျိုးစုံသီးနှံဆိုင်ရာမြေသြဇာသုတေသနတွေ့ရှိချက်

၁။ ပဲမျိုးစုံသီးနှံများတွင် မော်လစ်ဗဒီနမ်ကိုစိုက်ပျိုးမည့် မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါကပဲသီးနှံအထွက်နှုန်း ၃၀% မှ ၄၀% ထိတိုးစေနိုင်ပါသည်။

၂။ ပဲမျိုးစုံသီးနှံတွင် နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ်ပါသောလက်ချားအားပန်းဖြိုင်ချိန်တွင် အရွက်ပေါ်မှ ဖျန်းပေးခြင်းသည် ပဲသီးနှံအထွက် ၃၀% မှ ၃၅% အထွက်တိုးစေနိုင်ပါသည်။