Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အစေ့ထုတ်ပြောင်းသုတေသန

အစေ့ထုတ်ပြောင်းသုတေသနလုပ်ငန်းများကို မန္တလေးတိုင်း၊ တပ်ကုန်းဗဟိုစိုက်ပျိုးရေးသုတေသန ခြံတွင် ၁၉၆၂ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရေဆင်းဗဟိုစိုက်ပျိုးရေးသုတေသန၌ ယာသီးနှံ ဌာနစုအဖြစ် တည်ထောင်ပြီး အစေ့ထုတ်ပြောင်းသုတေသနလုပ်ငန်းများ ရေဆင်းသို့ ပြောင်းရွှေ့လုပ် ဆောင်ခဲ့ပါသည်။ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၁၉၇၀ ခုနှစ်များ အထိ ဒေသအလိုက် အထွက် ကောင်း သဘာဝ ဝတ်မှုံကူးမျိုးများ၊ Composites မျိုးများနှင့် Synthetics မျိုးများ ထုတ်လုပ်ရန် အဓိက ဦးတည် ဆောင်ရွက်ခဲ့ပါသည်။ ပြောင်းဖူးနှင့် အခြားနှံစား သီးနှံဌာနစုကို ၁၉၅၆ ခုနှစ်တွင် တည်ထောင် ပြီးနောက် အပြည်ပြည်ဆိုင်ရာ ပြောင်းဖူးနှင့် ဂျုံသုတေသနဌာနမှ ပြည်ပမျိုးများရယူ၍ စမ်းသပ်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်များအတွင်း သဘာဝ ဝတ်မှုံကူးမျိုးများနှင့် စပ်မျိုးပြောင်း၊ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းကို အပြိုင်ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၀ ခုနှစ်မှစ၍ စပ်မျိုးပြောင်း မွေးမြူထုတ်လုပ်ရေးကိုသာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါ သည်။

seed-corn
seed-corn

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းမျာ

သုတေသနလုပ်ငန်းများကို အောက်ပါရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

  • တောင်ပေါ်မြေပြန့်စိုက်ပျိုးသည့် ဒေသများအတွက် အထွက်နှုန်းကောင်းမွန်ပြီး ဒေသ အလိုက် ကျရောက်သော ရောဂါများခံနိုင်သည့် သက်လျင်နှင့် သက်လတ် အထွက်ကောင်း မျိုးများနှင့် စပ်မျိုးပြောင်းများရရှိရန်။
  • ပြောင်းဖူးအဓိကစားသုံးသော ဒေသများအတွက် အထွက်နှုန်းနှင့် အရည်အသွေး ကောင်း (QPM) ပရိုတင်းပြောင်းမျိုးများ ရှာဖွေရန်။
  • ထုတ်ဝေထားသော ပြောင်းဖူးမျိုးများနှင့်ကိုက်ညီပြီး အကျိုးအမြတ်အများဆုံး ရရှိ စေမည့် စိုက်ပျိုးနည်းစနစ်အား ဒေသအလိုက် စမ်းသပ်ဖော်ထုတ်ရန်။

ပြည်ပမျိုးများတင်သွင်းရွေးချယ်ခြင်း

၁၉၇၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ အာရှနိုင်ငံများဆိုင်ရာ ပြောင်းဖူးမျိုးမွေးမြူရေးအစီအစဉ် (India Asian Corn Improvement Programme; Rokefeller Foundation) အရ အခြားအာရှနိုင်ငံများမှ နှစ်စဉ် သဘာဝဝတ်မှုံကူးမျိုးများ လက်ခံရရှိစမ်းသပ်ခဲ့ပါသည်။ ၁၉၇၇-၇၈ ခုနှစ်မှစ၍ မက္ကစီကိုနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပြောင်းဖူးနှင့် ဂျုံသုတေသနဌာန CIMMYT မှ နှစ်စဉ်မျိုးသစ် (၁၃၀-၂၀၀) မျိုး မှာယူတင်သွင်း စမ်းသပ်လျက်ရှိပါသည်။ ၄င်းမျိုးများမှ အပူပိုင်းဒေသ၊ အပူသမပိုင်းဒေသနှင့် ကုန်းမြင့်ဒေသအသီးသီး အတွက် ရည်ရွယ်ထုတ်လုပ်ထားသော သဘာဝ ဝတ်မှုံကူးမျိုးများနှင့် စပ်မျိုးများ ဖြစ်ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

၁၉၉၀ ခုနှစ်မတိုင်မီအထိ ပြည်တွင်းပြည်ပမျိုးများကို အသုံးပြု၍ မျိုးကူးစပ်ရွေးချယ်၍ သဘာဝ ဝတ်မှုံကူး မျိုးသစ်များထုတ်လုပ်ရန် ဆောင်ရွက်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ကိုယ်ပိုင်စပ်မျိုးပြောင်း မျိုးများ ထုတ်လုပ်ရန် ဦးတည်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ပြည်ပမှ ဗီဇမျိုးသန့် လိုင်းများ မှာယူတင်သွင်း၍ စပ်မျိုးများ စမ်းသပ်ထုတ်လုပ်ခဲ့ရာ ရေမြေဒေသနှင့်ကိုက်ညီမှုမရှိသဖြင့် အောင်မြင် မှုမရရှိခဲ့ပါ။

၁၉၈၆ ခုနှစ်မှစတင်၍ ပြည်တွင်းဗီဇမျိုးသန့်လိုင်းများ မွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ ပြည်တွင်းစပ်မျိုးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။

လက်ရှိအခြေအနေတွင် နှစ်စဉ်ဗီဇမျိုးသန့်လိုင်းများ မွေးမြူခြင်းကို သားဆက်-၁ မှ သားဆက်-၆ ထိ (၅၀၀၀-၆၀၀၀) လိုင်း၊ ဗီဇမျိုးသန့်လိုင်းများ၏ ဒေသဖြစ်ထွန်းလေ့လာခြင်း (၆၀-၁၀၀) လိုင်း၊ ပေါင်းစပ် စွမ်းရည်စမ်းသပ်ခြင်း (၁၃၀-၁၆၀) တွဲနှင့် အလားအလာကောင်းသော စပ်မျိုးသစ်များ၏ ဒေသအလိုက် ဖြစ် ထွန်းမှုကို (၂၅-၃၀)တွဲ လေ့လာလျက်ရှိပါသည်။

seed-corn
seed-corn

စိုက်ပျိုးနည်းစနစ်များ စမ်းသပ်ခြင်း

ထုတ်ဝေပြီး စပ်မျိုးပြောင်းဖူးမျိုးများအတွက် ဒေသအလိုက် သင့်တော်သည့် စိုက်ပျိုး နည်းစနစ် များ (တစ်ဧကအပင်ဦးရေ၊ ဓါတ်မြေသြဇာနှုန်းထား) ကို စမ်းသပ်ရှာဖွေခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

စပ်မျိုးမျိုးစေ့ထုတ်လုပ်ခြင်းသုတေသန

စပ်မျိုးမျိုးစေ့ထုတ်လုပ်ရာတွင် စပ်မျိုးအလိုက် တစ်ဧကမှ မျိုးစေ့အများဆုံးရရှိစေမည့် စိုက်ပျိုးနည်းစနစ်ရှာဖွေဖော်ထုတ်ခြင်းနှင့် နှစ်စဉ်ရေဆင်းနှင့် နယ်သုတေသနခြံများတွင် စပ်မျိုးစေ့ (၁၅၀၀၀၀)ကီလို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

သုတေသနရလဒ်များ

ရှမ်းပြည်နယ် တောင်ပေါ်ဒေသများတွင် UPCA ကို ၁၉၇၀-၇၁ ခုနှစ်တွင်လည်းကောင်း၊ ဧကရီ မျိုးများကို ၁၉၇၂-၇၃ ခုနှစ်တွင်လည်းကောင်း၊ မြေပြန့်ဒေသအတွက် တပ်ကုန်းစပ်မျိုး-၁ (TKS-1) ကို ၁၉၇၂-၇၃ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပါသည်။

၁၉၇၉-၁၉၈၇ ခုနှစ်ထိ ဒေသအလိုက် အထွက်ကောင်းပြောင်းဖူးမျိုး (၁၆)မျိုးကို ထုတ် လုပ်ဖြန့်ဝေ နိုင်ခဲ့ရာ ၄င်းတို့အနက်မှ ရွှေဝါ ၁၊ ၂၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁ တို့မှာ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ပြောင်းဖူးစိုက်ဧရိယာ၏ (၃၅-၄၀%) ထိ ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်ခဲ့ပါသည်။

စပ်မျိုးပြောင်းဖူးမွေးမြူထုတ်လုပ်ရေးသုတေသနလုပ်ငန်းမှ

  • ၁၉၉၀-၉၁ ခုနှစ်တွင် ရေဆင်းစပ်မျိုး-၁ နှင့် ၂ ကိုလည်းကောင်း
  • ၁၉၉၃ ခုနှစ်တွင် ရေဆင်းစပ်မျိုး-၃ ကိုလည်းကောင်း
  • ၁၉၉၆ ခုနှစ်တွင် ရေဆင်းစပ်မျိုး-၄ ကိုလည်းကောင်း
  • ၂၀၀၅ ခုနှစ်တွင် ရေဆင်းစပ်မျိုး-၅ ကိုလည်းကောင်း
  • ၂၀၁၀ ခုနှစ်တွင် ရေဆင်း စပ်မျိုး-၆ ကိုလည်းကောင်း
  • ၂၀၁၂ခုနှစ်တွင် ရေဆင်းစပ်မျိုး-၁၀ နှင့် ၁၁ ကိုလည်းကောင်း၊ အောင်မြင်စွာ ထုတ်လုပ် ဖြန့်ဝေနိုင်ခဲ့ရာ စပ်မျိုးပြောင်းဖူးစိုက်ဧရိယာမှာ ဧက တစ်သိန်းနှစ်သောင်းခန့် ထိ တိုးတက် လာခဲ့ပါသည်။

ထုတ်ဝေပြီး သဘာဝဝတ်မှုံကူး အထွက်ကောင်းမျိုးများနှင့် စပ်မျိုးများအတွက် တစ်ဧက အထွက် နှုန်း အများဆုံးရရှိစေနိုင်မည့် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် တစ်ဧကအပင်ဦးရေ၊ မြေသြဇာနှုန်းထားနှင့် အခြားစိုက်နည်းစနစ်များကို စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပါသည်။

seed-corn