စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း

တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel)မှ စိုက်ပျိုးရေးနည်း ပညာများ၊ သုတေသနတွေ့ရှိချက်နှင့်ရလာဒ်များ၊ ပြည်တွင်းပြည်ပ စိုက်ပျိုးရေးသတင်းနှင့် လယ်ယာထွက်ကုန် စျေးကွက်သတင်းများ၊ မိုးလေဝသနှင့် ရာသီဥတုအခြေအနေများ စသည့်”လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက် (Information) များ”အား နိုင်ငံအဝှမ်း တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူ များထံ အချိန်မီဖြန့်ဖြူးရောက်ရှိရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ Network provider အထောက်အပံ့ဖြင့် ထုတ်လွင့်လျက်ရှိပါသည်။ အခြားဆက်စပ်ဝန်ကြီးဌာနများ ဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန (မိုးလေဝသနှင့်‌ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်‌ သစ်တောရေးရာဝန်ကြီးဌာန၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။  ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်၍ ရိုက်ကူးတည်းဖြတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်မှစတင်၍ ထုတ်လွှင့်နိုင်ခဲ့ပါသည်။

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ (Broadcasting Law) အရ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကရုပ်သံလွှင့်ကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းများကိုဥပဒေနှင့်အညီသီးခြားလုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ Network Provider အဖြစ်ထုတ်လွှင့်လျက်ရှိသော တောင်သူလယ်သမားရုပ်သံလိုင်း (Farmer Channel) အား (၃၁.၃.၂၀၁၆) ရက်နေ့ထိသာ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အကြောင်းကြားလာ သော်လည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန Farmer Channel စတူဒီယိုမှ (၃၁-၃-၂၀၁၆) နောက်ပိုင်းကာလ တွင် တိုက်ရိုက်ထုတ်လွှင့်နိုင်ရန် မဖြစ်နိုင်ခြင်းကြောင့် ပညာပေးအစီအစဉ် (Program) များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကဏ္ဍတရပ်အနေဖြင့်လည်းကောင်း၊ Forever Group (သို့) Skynet Channel စသည့် ပုဂ္ဂလိကChannel များနှင့် ညှိနှိုင်း၍လည်းကောင်း၊ ဆက်လက် ထုတ်လွှင့်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Channel) မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအစီအစဉ်အသစ်များ ထပ်မံတိုးချဲ့၍ ဆောင်ရွက်နိုင်မည်ဆိုပါက ၄င်းအစီအစဉ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန Contend Provider အဖြစ်ဆောင်ရွက်၍ ရိုက်ကူးတည်းဖြတ်ခဲ့သည့် တောင်သူများအတွက် ပညာပေးအစီအစဉ်များအား ဆက်လက်ထုတ်လွှင့်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ၍ ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဧပြီလမှစ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တောင်သူလယ်သမား ရုပ်သံလိုင်း (Farmer Channel) မှ ထုတ်လွှင့်လျှက်ရှိသည့် တောင်သူ့ဘဝ သုတကဏ္ဍ၊ တောင်သူ့အသံ တောင်သူ့စကား၊ ဇာတ်လမ်းရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်များ ကဏ္ဍအလိုက်အမေးအဖြေများ ပညာပေး ဇာတ်လမ်းတိုများနှင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး တေးသီချင်းစသည့် ပညာပေးအစီအစဉ်များ၊ ပြောင်းလဲလာသော ရာသီဥတု နှင့်အညီ ခေတ်နှင့်အမှီ ပညာပေးရန်လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများအား ကဏ္ဍမျိုးစုံဖြင့် တင်ဆက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် အစီအစဉ်များ ရိုက်ကူးထုတ်လုပ်ရေးကို ဆောင်ရွက် လျှက်ရှိပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်နေတောင်သူလယ်သမား များဖြစ်ရာ တောင်သူ လယ်သမားများ လူနေမှုဘဝမြင့်မားစေရေး၊ ဝင်ငွေကောင်းမွန်ရေး အတွက် စိုက်ပျိုးရေးဆိုင်ရာသတင်း အချက် အလက်များ၊ လယ်ယာထွက်ကုန် စျေးကွက်သတင်းများ၊ မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ၊ နည်းပညာဗဟုသုတများ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်းသည် နိုင်ငံ၏ တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ် သူများအတွက်မရှိမဖြစ် လိုအပ် ပါသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) စတူဒီယိုအား တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်နိုင်ရန် (On Air) အတွက် Network ကျွမ်းကျင်ပညာရှင်များ လိုအပ်မည်ဖြစ်ရာ လက်ရှိ ဖွဲ့စည်းပုံအရဆောင်ရွက်ရန် မဖြစ်နိုင်ခြင်းကြောင့် ထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းများအတွက် ကျွမ်းကျင်ပညာရှင် များရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။