Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

***ဆောင်းပါးကဏ္ဍ*** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု [ဒေါက်တာမောင်မောင်တာ- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]

June, 23 2020

***ဆောင်းပါးကဏ္ဍ*** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု [ဒေါက်တာမောင်မောင်တာ- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]

ယနေ့တွင် လူသားတို့၏ ဘဝများနှင့် လူသားတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ကိုဗစ်-၁၉ ကပ်ရောဂါသည် အန္တရာယ်ရှိပြီး လျင်မြန်စွာ ပျံ့နှံ့နေသည်။ ၎င်းသည် ဒေသဆိုင်ရာပြဿနာ မဟုတ်။ တစ်ကမ္ဘာလုံး၏ တုံ့ပြန်မှုကို လိုအပ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ယင်းရောဂါသည် နောက်ဆုံးတွင် ဆုတ်ခွာပြီးဆုံး သွားလိမ့်မည်ဟု ကျွန်ုပ်တို့သိသော်လည်း ယင်းဆုတ်ခွာမှုသည် မည်မျှမြန်မြန် ဖြစ်ပျက်မည်ကို ကျွန်ုပ်တို့ မသိပါ။ ယင်းသည် စားနပ်ရိက္ခာ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် သိသိသာသာ သက်ရောက်မှုရှိနေသည်။

ဤကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းဖြစ်ပြီး မှန်ကန်သောအစီအမံများ မပြုလုပ်ပါက မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်း ဖြစ်စေနိုင်သည်။ လုပ်ကွက်ငယ်တောင်သူများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ချို့တဲ့သူများ၏ အသက်မွေး ဝမ်းကျောင်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေရန် အလွန်အရေးကြီးသည်။ ပို၍အရေးကြီးသည်မှာ ဤကျန်းမာရေးအကျပ်အတည်းကို စားနပ်ရိက္ခာ အကျပ်အတည်းအဖြစ်သို့ မပြောင်းလဲရန် သတိပြုရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ဖြစ်ပွားစဉ်အတွင်း အဓိက အစားအစာများဖြစ်သည့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်နှင့် အသားများကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်ခဲ့သော်လည်း ရေရှည်တွင် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် လူသွားလာမှုအပေါ် ကန့်သတ်ချက်များသည် အစားအစာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ လယ်သမားများသည် လုပ်သားအင်အား မလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး နှင့် ဈေးကွက်လည်ပတ်မှု အကန့်အသတ်များကြောင့် ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့တွင် ရုန်းကန်နေရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် စိုက်ပျိုးရေးနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းအပေါ် ကျယ်ပြန့်စွာနှင့် ကြာရှည်စွာ ဩဇာလွှမ်းမိုးမှုရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ကျန်းမာရေးထိတ်လန့်မှုနှင့် စီးပွားရေးထိတ်လန့်မှုတို့ကို ဖြေလျှော့ပေးနိုင်မည့် ဆန်းသစ်သော ကုန်ထုတ်လုပ်မှုစနစ်တစ်ရပ် လိုအပ်ပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍအပေါ် လက်ရှိကူးစက်ရောဂါ၏ သက်ရောက်မှုအတိုင်းအတာနှင့်ပတ်သက်၍ တိကျသော အချက်အလက်များ မရရှိသော်လည်း လက်ရှိဖြစ်ပေါ်နေသော ကပ်ဘေးအန္တရာယ်သည် မြန်မာ့စိုက်ပျိုးရေးကို တိမ်းရှောင်သွားမည်မဟုတ်သည်မှာ ငြင်းစရာမရှိပါ။

စားနပ်ရိက္ခာအကျပ်အတည်းကို ကြုံတွေ့ရနိုင်
အကာအကွယ်မဲ့သူများကို အကာအကွယ်ပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ရေး ကွင်းဆက်များကို ရှင်သန်စေရန်နှင့် စားနပ်ရိက္ခာစနစ်တစ်လျှောက် ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုများကို လျော့ပါးစေရန် အလျင်အမြန် လုပ်ဆောင်ခြင်းများ မပြုလုပ်ပါက ကျွန်ုပ် တို့သည် စားနပ်ရိက္ခာအကျပ်အတည်းကို ကြုံတွေ့ရနိုင်သည်။

အထူးသဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်စွာခံစားနေရသော (သို့မဟုတ်) စားနပ်ရိက္ခာမလုံလောက်မှု မြင့်မားသော နိုင်ငံများတွင် နယ်စပ်ပိတ်ခြင်း၊ သီးသန့်ထားရှိခြင်း၊ ဈေးကွက်၊ ထောက်ပံ့ရေးကွင်းဆက်နှင့် ကုန်သွယ်မှု ပြတ်တောက်ခြင်းတို့သည် လုံလောက်ပြီး အမျိုးစုံသော အာဟာရပြည့်ဝသည့်အစားအစာများရရှိရန် အကန့် အသတ်ဖြစ်နိုင်သည်။ သို့သော် ကမ္ဘာကြီးအတွက် အထိတ်အလန့်ဖြစ်စရာ မလိုအပ်ပါ။ တစ်ကမ္ဘာလုံးတွင် လူတိုင်းအတွက် အစားအစာ အလုံအလောက်ရှိသည်။

ယခုအချိန်တွင် စားနပ်ရိက္ခာကို လုံလောက်စွာ ဖြည့်တင်းနိုင်ခြင်းနှင့် ဈေးကွက်တည်ငြိမ်မှုတို့ကြောင့် အနှောင့်အယှက် အနည်းငယ်မျှသာရှိသည်။ ရောဂါဖြစ်ပွားမှု ကြာရှည်လာပါက စားနပ်ရိက္ခာဖြန့်ဖြူးမှုတွင် ပြတ်တောက်မှုများကို တွေ့ရှိရနိုင်သည်။ ဥပမာအားဖြင့် ရွေ့လျားမှုကို ကန့်သတ်ခြင်းများကြောင့် တောင်သူများနှင့် အစားအစာထုတ်လုပ်သူများကို အတားအဆီး ဖြစ်စေနိုင်သည်။ ဓာတ်မြေသြဇာများ၊ တိရစ္ဆာန်ကုသရေး ဆေးဝါးများနှင့် အခြားသွင်းအားစုများ၏ ပြတ်လပ်မှုသည် စိုက်ပျိုးရေးထုတ်လုပ်မှုကို ထိခိုက်နိုင်သည်။ စားသောက်ဆိုင်များ ပိတ်ခြင်းနှင့် ကုန်စုံဈေးဝယ်ထွက်မှု နည်းပါးခြင်းသည် လတ်ဆတ်သော ထွက်ကုန်များနှင့် သားငါးထုတ်ကုန် များ၏ ဝယ်လိုအားကို လျော့နည်းစေကာ ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးသူများကို ထိခိုက်စေသည်။ အထူးသဖြင့် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးကဏ္ဍများသည် ခရီးသွားလုပ်ငန်းများကို ကန့်သတ်ခြင်း၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များကို ပိတ်ခြင်းတို့ကြောင့် ထိခိုက်မှုများသည်။

မည်သည့်အခြေအနေမျိုးတွင်မဆို အထိခိုက် အနစ်နာဆုံးမှာ ရွှေ့ပြောင်းနေထိုင်သူများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် ပဋိပက္ခဒဏ်ခံရသူများ အပါအဝင် လူဦးရေ၏ အဆင်းရဲဆုံးနှင့် အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်းများ ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးသော နိုင်ငံများတွင် ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုများသည် ကြီးမားနိုင်သည်။
ထိခိုက်လွယ်သော အုပ်စုများတွင် လုပ်ကွက်ငယ် တောင်သူများ၊ မွေးမြူရေးသမားများနှင့် ငါးမွေးမြူသူများပါဝင်ပြီး လယ်ယာလုပ်ကိုင်ခြင်း၊ တိရစ္ဆာန်များ (သို့မဟုတ်) ငါးမွေးမြူခြင်းများအတွက် အဟန့်အတားဖြစ်စေနိုင်သည်။ ၎င်းတို့သည် ကုန်ပစ္စည်းများကို ရောင်းချခြင်း၊ မရှိမဖြစ် လိုအပ်သော သွင်းအားစုများ ဝယ်ယူခြင်း၊ ဈေးကွက်များသို့ဝင်ရောက်ခြင်း၊ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ဝယ်ယူနိုင်စွမ်းအားနည်းခြင်းစသည့် စိန်ခေါ်မှုများနှင့် လည်း ရင်ဆိုင်ရလိမ့်မည်။ အလုပ်သမားများသည် ရိတ်သိမ်းခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့တွင် အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးမှုဒဏ်ကို ခံရလိမ့်မည်။

စိုက်ပျိုးရေးအပြင် အခြားကဏ္ဍအလိုက် အကျိုးသက်ရောက်မှုများကိုလည်း မျှော်လင့်နိုင်သည်။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းတွင် ငါးသည် အများဆုံးကုန်သွယ်သော အစားအစာ ကုန်ပစ္စည်းများအနက် တစ်ခုဖြစ်သည်။ ထို့ ကြောင့် ငါးဖမ်းသောအသိုင်းအဝိုင်းများ၏ စားဝတ်နေရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုသည် အထူးသဖြင့် ငါးဖမ်းလုပ်ငန်းကို အကြီးအကျယ်အားကိုးသော နိုင်ငံများအတွက် သိသိသာသာ ထူးခြားမည်ဟု ယူဆနိုင်သည်။သို့သော် ယခုဖြစ်နေသော စိန်ခေါ်မှုများမှာ အစားအစာရွေ့လျားမှုတွင် ပါဝင်သော ထောက်ပံ့ပို့ဆောင်ရေး (အစားအစာများကို အမှတ် A မှ အမှတ် Bသို့ မရွှေ့ပြောင်းနိုင်ခြင်း)၊ တိရစ္ဆာန်အစာများကို လက်ခံရရှိမှုနှင့် ဝယ်လိုအား ကျဆင်းလာခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကန့်အသတ်များနှင့် အလုပ်သမားရှားပါးမှုများဖြစ်သည်။

ကိုဗစ်-၁၉ ဖြစ်ပြီးနောက် ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများသည် ရောဂါထပ်မံပြန့်ပွားမှုကိုရှောင်ရှားရန် ရည်ရွယ်သည့် မူဝါဒဆိုင်ရာ အစီအမံများကို စတင် အကောင်အထည်ဖော်ခဲ့သည်။ သို့သော် ဤအစီအမံများသည် စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို တစ်နည်းတစ်ဖုံ ထိခိုက်စေနိုင်သည်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ကန့်သတ်ခြင်းများနှင့် သီးသန့်ခွဲထုတ်ထားရှိခြင်း အစီအမံများသည် အထူးသဖြင့် လတ်ဆတ်သော စားနပ်ရိက္ခာထောက်ပံ့ရေး ကွင်းဆက်များအတွက် အဟန့် အတားဖြစ်စေပြီး စားနပ်ရိက္ခာဆုံးရှုံးမှုနှင့် စွန့်ပစ်ပစ္စည်းများ ပိုမိုများပြားလာစေနိုင်သည်။ ဥပမာအားဖြင့် နိုင်ငံများစွာသည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း များအပေါ် ပိုမို၍ ထိန်းချုပ်မှုများပြုလုပ်ခဲ့ရာ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများကို အန္တရာယ်ပြုနိုင်သည့်အပြင် အလွန်ပျက်စီးနိုင်သောကြောင့် သတ်မှတ်ကာလ အတောအတွင်း ရောင်းချခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း (သို့မဟုတ်) သိမ်းဆည်းသိုလှောင်ခြင်းများ ပြုလုပ်ရန် လိုအပ်သည့် လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမန်များ၊ ငါးနှင့် ထုတ်ကုန်များကဲ့သို့ ပျက်စီးသွားနိုင်သော ကုန်ပစ္စည်းများအတွက် အထူးအန္တရာယ်ရှိသည်။

ဆန်ကဲ့သို့သော သော့ချက်ကျသည့် အဓိကသီးနှံများအတွက် အပြည်ပြည်ဆိုင်ရာဈေးနှုန်းများ အနည်းငယ် မြင့်တက်လာနေသော်လည်း ဝင်ငွေကျဆင်းခြင်းနှင့် ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု အလားအလာများကြောင့် အဓိကဝယ်လိုအားများ လျော့ပါးသွားသဖြင့် စားနပ်ရိက္ခာ ဈေးနှုန်းများမှာ ပိုမိုကျဆင်းနေသည်။ စားသောက်ဆိုင်များနှင့် လမ်းဘေးစားသောက်ဆိုင်များကို ပိတ်ခြင်းသည် ထုတ်လုပ်သူများနှင့် ပြုပြင်ထုတ်လုပ်သူများအတွက် အဓိကဈေးကွက်ကို ဆုံးရှုံးသွားစေသည်။ အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်သည်များနှင့် စားသုံးသူများသည် အကန့်အသတ်များကြောင့် လတ်ဆတ်သော ထွက်ကုန်များအတွက် မြို့ပြဝယ်လိုအားနှင့် ရောင်းလိုအား နှစ်ခုလုံးကျဆင်းနေသည်။

ဆင်းရဲသောနိုင်ငံများတွင် စားနပ်ရိက္ခာ ဝယ်လိုအားသည် ဝင်ငွေနှင့် ပိုမိုဆက်စပ်နေပြီး ဝင်ငွေရရန် အခွင့်အလမ်း ဆုံးရှုံးခြင်းသည် စားသုံးမှုအပေါ် အကျိုးသက်ရောက်နိုင်သည်။ ရောဂါကူးစက်ခြင်းကို ကြောက်ရွံ့ခြင်းသည် အစားအစာဈေးကွက်များသို့ ဈေးဝယ်ထွက်ခြင်းကို လျော့နည်းစေနိုင်သည်ဟု သုံးသပ်နိုင်သည်။ ရာသီအလုပ်သမားများကဲ့သို့သော လူများ၏ လွတ်လပ် စွာ သွားလာလှုပ်ရှားမှုအပေါ် အကျိုးသက်ရောက်သည့် ဆောင်ရွက်ချက်များသည် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို အကျိုးသက်ရောက်စေနိုင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဈေးကွက်ပေါက်ဈေးကိုလည်း သက်ရောက်နိုင်သည်။ အလုပ်သမားရှားပါးမှုသည် အစားအစာထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အထူးသဖြင့် လုပ်သားအင်အားသုံး စက်မှုလုပ်ငန်းများ ဖြစ်သည့် တန်ဖိုးမြင့်သီးနှံများ၊ အသားနှင့် ငါးထုတ်လုပ်ခြင်းလုပ်ငန်းများ ဖြစ်သည်။ အစားအစာ စက်ရုံများတွင် လက်ခံနိုင်သော ကျန်းမာရေးစံနှုန်းများကို အာမခံရန် ဆောင်ရွက်ချက်များသည် ထုတ်လုပ်မှုကို နှေးကွေးစေနိုင်သည်။

FAO ၏ အကြံပြုချက်များ
စားနပ်ရိက္ခာထောက်ပံ့မှု ကွင်းဆက်နှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုတို့တွင် အနှောင့်အယှက်ဖြစ်မှုကို ရှောင်ကြဉ်ရန်၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကို ဖွင့်လှစ်ထားပြီး ၎င်းတို့၏ စားနပ်ရိက္ခာထောက်ပံ့မှု ကွင်းဆက်ကို ကာကွယ်ရေးအစီအမံများ ပြုလုပ်ထားရန် (ဥပမာ- မျိုးစေ့များ ကဲ့သို့ သွင်းအားစုများ ရရှိခြင်းမှသည် အသေးစား လယ်သမားများအနေဖြင့် ၎င်းတို့ထွက်ကုန်များကို ရောင်းချရန် ဈေးကွက်များသို့ ဝင်ရောက်နိုင်ခြင်းအထိ)၊ အထိခိုက် အလွယ်ဆုံးသူများ၏ လိုအပ်ချက်များကို ဂရုပြုရာတွင် ငွေသားလွှဲပြောင်းမှု အပါအဝင် လူမှုကာကွယ်စောင့်ရှောက် ရေး အစီအစဉ်များကို မြှင့်တင်ရန်၊ ၎င်းတို့၏ ပြည်တွင်း စားနပ်ရိက္ခာထောက်ပံ့မှုတန်ဖိုး ကွင်းဆက်များကို ရှင်သန်လည်ပတ်နိုင်စေရေး ထိန်းသိမ်းရန်၊ လိုအပ်သော ကြိုတင်ကာကွယ်မှုများ ရယူရန်၊ မျိုးစေ့များနှင့် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများကို လုပ်ကွက်ငယ်တောင်သူများထံ ဆက် လက်စီးဆင်းစေရန်၊ တိရစ္ဆာန်မွေးမြူသူများသို့ တိရစ္ဆာန်အစာများ၊ ငါးမွေးမြူသူများအတွက် ငါးမွေးမြူရေးဆိုင်ရာ သွင်းအားစုများ စဉ်ဆက်မပြတ် စီးဆင်းရန်၊ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှု ကွင်းဆက်များကို ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများနှင့် သဟဇာတဖြစ်စေမည့် နည်းလမ်းများဖြင့် ဆက်လက်ရှင်သန်စေသည့် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများကို ထိန်းသိမ်းရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်အခြေအနေများ၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် လုပ်ငန်းများတွင် အဆင့်မြှင့်တင်ရန်တို့ ဖြစ်သည်။

ပိုမိုအသေးစိတ်သော အကြံပြုချက်များ
တိုင်းပြည်များသည် ၎င်းတို့၏ ထိခိုက်လွယ်သော လူဦးရေ၏ စားနပ်ရိက္ခာလိုအပ်ချက်များကို ချက်ချင်း ဖြည့်ဆည်းပေးသင့်သည်။ ဥပမာ-အရေးပေါ်စားနပ်ရိက္ခာ လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုကို သေချာစေခြင်း၊ လူမှုကာကွယ်ရေး စောင့်ရှောက်ရေး အစီအစဉ်များ ညှိနှိုင်း တိုးချဲ့ခြင်း၊ အာဟာရထောက်ပံ့မှုကို တိုးမြှင့်ခြင်း၊ စီမံခန့်ခွဲ မှုကို ထောက်ပံ့ခြင်းနှင့် အာဟာရချို့တဲ့မှုကို ကာကွယ်ခြင်း၊ အထိခိုက်အလွယ်ဆုံး မိသားစုများသို့ အစားအစာဖြန့်ဝေခြင်း၊ ကျောင်းနေအရွယ်ကလေးများရှိသည့် မိသားစုများနှင့် အထူးသဖြင့်စီးပွားရေးကဏ္ဍတွင် အထိခိုက်ဆုံး အလုပ်သမားများအတွက် အခြေခံအစားအစာအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ ဒေသခံလယ်သမားများနှင့် ငါးလုပ်သားများထံမှ လတ်ဆတ်သော အစားအစာများ ပေးပို့ခြင်း၊ အစားအစာများ ဖြန့်ဖြူးခြင်း၊ ကိုဗစ်-၁၉ ၏ အန္တရာယ်ကို လျှော့ချရန် အစီအမံများအတွက် တိုးတက် သော ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုခြင်းတို့ ပါဝင်သည်။

တိုင်းပြည်များသည် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို မြှင့်တင်ရာတွင် လူမှုဖူလုံရေး အကူအညီမှ ငွေပေးချေခြင်း (သို့မဟုတ်) မိသားစုများ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ငွေပေးချေမှုမျိုးစုံကို သေချာစေခြင်း၊ အသေးစားထုတ်လုပ်သူများမှ ဝင်ငွေဆုံးရှုံးမှုကို ကာမိစေရန် ဖြည့်စွက်ရန်ပုံငွေများ ပြဋ္ဌာန်းပေးခြင်း၊ အစိုးရမှ အစားအစာများ တိုက်ရိုက် ထောက်ပံ့ပေးခြင်းသာမက တစ်ဦးချင်းဖြစ်စေ၊ ပေါင်းစည်းထားသော အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ထောက်ပံ့ခြင်း၊ သွားလာမှုကို ကန့်သတ်ထားသဖြင့် ငွေသားထုတ်ယူမှုများ ပြတ်တောက်ခြင်းကို တားဆီးရန် မိုဘိုင်းငွေပေးချေစနစ်များကို ဖွင့်ပေးခြင်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးကဏ္ဍများတွင် ရန်ပုံငွေများ ထည့်သွင်းခြင်းတို့ ပါဝင်သင့်သည်။

တိုင်းပြည်များအနေဖြင့် ထိရောက်သော စွမ်းဆောင်ရည်များ ရရှိရန်နှင့် ကုန်သွယ်ရေးနှင့်ဆက်စပ်သော ကုန်ကျစရိတ်များကို လျှော့ချရန် ကြိုးစားဆောင်ရွက်ရာတွင် ကုန်သွယ်မှုနှင့် ကုန်ပစ္စည်းများ၏ ရွေ့လျားမှုကို ကန့်သတ်သော အစီအမံများ ချမှတ်ခြင်းမပြုရန်၊ အစားအစာ စွန့်ပစ် ပစ္စည်းများ လျှော့ချရန်၊ ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများ ဖြေရှင်းရန်၊ ကုန်သွယ်ရေးနှင့် မူဝါဒရွေးချယ်မှုများနှင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်သူများကို ချက်ချင်း ပြန်လည်သုံးသပ်ရန်၊ သွင်းကုန်ခွန် လျှော့ချရန် နှင့် အခြားအခွန်များကို ယာယီလျှော့ချရန်၊ တင်သွင်းကုန်ပစ္စည်းများအား အခွန်စည်းကြပ်သည့် မူဝါဒကို ပြန်လည်သုံးသပ်ရန်တို့ ပါဝင်သင့်သည်။

မူဝါဒချမှတ်သူများအနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေများကို စောင့်ကြည့်ပြီး တင်းကျပ်ထားသော အစားအစာထောက်ပံ့ရေးအခြေအနေများတွင် မတော်တဆမှုများကို ရှောင်ရှားရန်ဂရုစိုက်ရမည်။ လိုက်လျောညီထွေ ဖြစ်သော နည်းလမ်းများကိုဖန်တီး၍ စီမံခန့်ခွဲနိုင်ရမည်။ ဒစ်ဂျစ်တယ်နည်းပညာများသည် ပြဿနာများကို ကြိုတင်ခန့်မှန်းခြင်း၊ ယာယီပြတ်လပ်မှုများကို ချောမွေ့စေခြင်း၊ အနာဂတ်တွင် အလားတူ အဖြစ်အပျက်များကို ရှောင်ရှားနိုင်ရန်အတွက် အစားအစာကွင်းဆက်များ၏ ခံနိုင်ရည်ကို တည်ဆောက်ခြင်းတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ နည်းပညာအသစ်များသည် အလွန်ပျက်စီးလွယ်သော ကုန်ပစ္စည်းများ (သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမန်များ၊ ငါးနှင့် ရေထွက် ပစ္စည်းများကဲ့သို့) အတွက် အလွန်တန်ဖိုးရှိသော ရောင်းလိုအားနှင့် ဝယ်လိုအားအကြား ဆက်သွယ်မှုကို လွယ်ကူချောမွေ့စေသည်။

တီထွင်ဆန်းသစ်မှုကိုဦးစားပေးခြင်းနှင့် လိုက်လျောညီထွေဖြစ်စေခြင်းတို့သည် ကုန်ထုတ်စွမ်းအားနှင့် ရေရှည်တည်တံ့ ခိုင်မြဲမှုတို့၏ အဓိကမောင်းနှင်အားများအဖြစ် ဆောင်ရွက်သင့်သည်။ ရရှိနိုင်သည့် အရင်းအမြစ်များကို မှန်ကန်သောနည်းဖြင့် ရည်ရွယ်ချက်တစ်ခု ပြီးမြောက်စေရေး အသုံးချရန် ကျွန်ုပ်တို့မမေ့သင့်ပေ။ လုံလောက်သော၊ သင့်လျော်သော၊ ရနိုင်သောအရင်းအမြစ်များသည် လမ်းကြောင်းမှန်ပေါ်တွင် စီးဆင်းသင့်သည်။ နိုင်ငံအနှံ့ ပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို လိုအပ်ပါက ကူးစက်ရောဂါဆိုင်ရာ အကဲဖြတ်မှုအပေါ် အခြေခံ၍ အစုအဖွဲ့အလိုက် သီးသန့်သတ်မှတ် ကန့်သတ်ချက်များဖြင့် ပြန်လည်သုံးသပ်ရန် (သို့မဟုတ်) ပြန်လည်အစားထိုးရန် လိုအပ်လိမ့်မည်။

ဆောင်ရွက်သင့်သော လုပ်ငန်းများ
ပထမအချက်မှာ အစားအစာဈေးနှုန်းနှင့် ဈေးကွက်များကို အနီးကပ်စောင့်ကြည့်ရန်လိုသည်။ သတင်းအချက် အလက်များကို ပွင့်လင်းမြင်သာစွာ ဖြန့်ဖြူးခြင်းသည် အစားအစာဈေးကွက်များအပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားကောင်းလာစေပြီး လူများ၏ စိုးရိမ်ထိတ်လန့်မှုကို တားဆီးနိုင်ကာ လယ်သမားများကို ကြောင်းကျိုး ဆီလျော်သော ထုတ်လုပ်မှုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လမ်းညွှန်ပေးသည်။ ရောင်းလိုအားအပေါ် ဈေးကစားမှုကို စောစီးစွာ ထိန်းချုပ်နိုင်ရန် အစိုးရသည် ဈေးကွက်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို အားကောင်းအောင် လုပ်သင့်သည်။

ဒုတိယအချက်မှာ နိုင်ငံတကာနှင့် ပြည်တွင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရေးကွင်းဆက်များ ပုံမှန်လည်ပတ်မ ှုသေချာစေရန် လိုအပ်သည်။ တရုတ်နိုင်ငံသည် လက်ရှိကပ်ရောဂါ ဖြစ်ပွားစဉ် စားနပ်ရိက္ခာဖူလုံမှုရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို ဥပမာကောင်းပြခဲ့သည်။ ဥပမာအားဖြင့် လတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန် များအတွက် သီးသန့်လမ်းကြောင်းတစ်ခုဖွင့်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ လမ်းပိတ်ဆို့ခြင်းများကို ပိတ်ပင်ခဲ့သည်။

ယခုကာလအတွင်း စားသောက်ဆိုင်အသွားအလာကျဆင်းခြင်း၊ E-Commerce ရောင်းဝယ်မှု ပိုမိုများပြားလာခြင်းနှင့် အိမ်၌ အစားစားမှု မြင့်တက်လာခြင်းတို့ သည် လူများ၏ အစားအသောက်စားသုံးမှုပုံစံ ပြောင်းလဲ လာမှုအတွက် အကောင်းဆုံးသာဓကများ ဖြစ်သည်။ E-Commerce နှင့် ဖြန့်ဝေရေးကုမ္ပဏီများသည် ထောက်ပံ့ပို့ဆောင်ရေးတွင် အဓိကကဏ္ဍမှ ပါဝင်နေသည်။ ဥပမာအားဖြင့် ပိတ်ဆို့ခြင်း အစီအမံသည် အစားအသောက်ဆိုင်များမှ အိမ်များသို့ ပို့ဆောင်ရေး ဝယ်လိုအားကို တိုးမြှင့်စေပြီး E-Commerce ကုမ္ပဏီများသည် လူတစ်ဦးနှင့်တစ်ဦး အထိအတွေ့မရှိသော ပို့ဆောင်ခြင်းလုပ်ငန်း (စားသုံးသူများယူနိုင်သည့် အဆင်ပြေသော နေရာတွင် ပို့ဆောင်သည့်လုပ်သားများက ပါဆယ်ကို ထားခဲ့ရန်ခွင့်ပြုသည့်စနစ်) ပေါ်ထွက်ခဲ့သည်။

တတိယအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဓိက လှုပ်ရှားပါဝင်သူများဖြစ်သော လုပ်ကွက်ငယ်တောင်သူများသည် ယခုကာလတွင် အဓိကကြုံတွေ့နေရသော ပို့ဆောင်ဆက်သွယ်ရေး၊ ဈေးကွက်ရရှိနိုင်ရေးနှင့် ပတ်သက်သော အခက်အခဲများကို တစ်ဦးချင်းဖြေရှင်းနိုင်ရန် မလွယ်ကူလှပါ။ ထိုကဲ့သို့ ကြုံတွေ့ရသော အခက်အခဲများကို တစ်ဦးချင်း လုပ်ဆောင်သည်ထက် ပိုမိုမြန်ဆန်ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် လုပ်ကွက်ငယ် တောင်သူများသည် တောင်သူအစုအဖွဲ့၊ အသင်း၊ သမဝါယမများအဖြစ် ယခုထက် ပိုမိုလုပ်ဆောင်နိုင်ရန် တွန်းအားပေးရမည်။

စတုတ္ထအချက်အနေဖြင့် ပို၍ဒဏ်ခံနိုင်သော အစားအစာစနစ်တစ်ခု တည်ဆောက်ရန် ပိုမိုရင်းနှီးမြှုပ်နှံမှု လိုအပ်သည်။ ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံအစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့သည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားနပ်ရိက္ခာ ဖူလုံမှုအကျပ်အတည်းကို ကာကွယ်ရန် (သို့မဟုတ်) ထိန်းချုပ်ရန် စွမ်းရည်ကို မြှင့်တင်ခြင်းသည် စုပေါင်းအားထုတ်မှုတစ်ခုဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးကို ချောချောမွေ့မွေ့စီးဆင်းစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတကာဈေးကွက်ကို အပြည့်အဝ အသုံးချရန် အရေးကြီးသည်။ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှု ဆိုင်ရာအဖွဲ့အစည်း (WTO)၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ အစည်း (FAO)၊ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) တို့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများသည် ကုန်သွယ်ရေး ဆိုင်ရာမူဝါဒများ ချမှတ်ရာတွင် ကိုဗစ်-၁၉ ကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုရန်နှင့် စားနပ်ရိက္ခာဖူလုံရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် တိုက်တွန်းပေးသင့်သည်။

စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများ
လက်ရှိအနေအထားများတွင် မျိုးစေ့များနှင့် အခြားလယ်ယာသုံး သွင်းအားစုများသည် မိုးရာသီအတွက် အချိန်မီတောင်သူများထံ ရောက်ရှိရန်လိုအပ်မည်။ လူ၏လုပ်အားအပေါ် မှီခိုမှုလျှော့ချရန် လူအစား အလိုအလျောက်စက်ကိရိယာများဖြစ်သည့် မောင်းသူမဲ့ လေယာဉ်များ၊ အလိုအလျောက် မောင်းနှင်နိုင်သော လယ်ထွန်စက်များ၊ မျိုးစေ့ချ စက်ရုပ်များနှင့် စက်ရုပ်ရိတ်သိမ်းစက်များကဲ့သို့သော နည်းပညာများကို ပိုမိုအားပေး ဆောင်ရွက်သင့်သည်။ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုကို လျှော့ချသည့်အပြင် စိုက်ပျိုးရေးထုတ်လုပ်မှုကို တိုးမြှင့်စေခြင်းဖြင့် အစားအစာနှင့် အာဟာရဆိုင်ရာ အကျိုးကျေးဇူးများကို အထောက်အကူပြုရန် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာနည်းပညာကို အားပေးမြှင့်တင် သင့်သည်။ သီးနှံမျိုးစုံမျိုးကွဲ စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေး ဂေဟဗေဒဆိုင်ရာ နည်းပညာများကဲ့သို့သော ထိန်းသိမ်းစောင့်ရှောက်ရေး အလေ့အကျင့်များကို တစ်ပြိုင်တည်း ချိန်ကိုက်ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်သင့်သည်။ လယ်သမားများသည် ၎င်းတို့၏ ထုတ်ကုန်များကို စားသုံးသူများသို့ တိုက်ရိုက်ရောင်းနိုင်အောင် ဒစ်ဂျစ်တယ် နည်းပညာများ (E-Commerce) ကို သင့်လျော်သလို ပါဝင်ခွင့်ရှိသင့်သည်။

ကိုဗစ်-၁၉ ကာလ အကျပ်အတည်းကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းရန်နှင့် အာဟာရပြည့်ဝသော အစားအစာများကို ရရှိနိုင်ရန်အတွက် မြို့ပြစိုက်ပျိုးရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထို့ကြောင့် မြို့ပြစိုက်ပျိုးရေး နည်းစနစ်များကို မြှင့်တင်ရန်အတွက် သမားရိုးကျ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ အလွန်အဆင့်မြင့်သော ခေတ်မီအပင်စက်ရုံများ၊ ဆန်းသစ်သော စိုက်ပျိုးမွေးမြူစနစ်များ ကျင့်သုံးခြင်း (ဥပမာ – မိုးလုံ လေလုံ ထိန်းချုပ်ဝန်းကျင်တွင် စိုက်ပျိုးခြင်း) နည်းစနစ်များကို ပိုမိုအားပေးဆောင်ရွက်နိုင်သည်။ စိုက်ပျိုးရေးမှ ထွက်ရှိသော ကုန်ကြမ်းပစ္စည်းများအား အဆင့်မြင့် ကုန်ချောထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် ခြင်း၊ ရိတ်သိမ်းပြီး ထွက်ကုန်များအတွက် အဆင့်မြင့် ခေတ်မီသိုလှောင်ရုံများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ လက်လှမ်းမီအောင် လုပ်ဆောင်ခြင်းတို့ဖြင့် ကူညီနိုင်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ၏ ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်ခြင်းများသည် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးကို အားဖြည့်ပေးရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကို ပိုမိုနားလည်ရန် လိုအပ်ပြီး စိုက်ပျိုး မွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးအစားအစာ ကုမ္ပဏီများတွင် ပိုမိုထိရောက်သော အလေ့အကျင့်များ ကျင့်သုံးနိုင်ရန် ကူညီဆောင်ရွက်ပေးသင့်သည်။ ကိုဗစ်-၁၉ နောက်ပိုင်း စိန်ခေါ်မှုတစ်ခုမှာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ပြန်လည်တည်ထောင်ခြင်း ဖြစ်လိမ့်မည်။ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဤစိုးရိမ်မှုများကို ပိုမို ရှေ့နောက်ညီညွတ်သော မူဝါဒဝန်းကျင်ဖြင့် ဖြေရှင်းနိုင်သည်။ အကြံပြုထားသော မူဝါဒများတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန် အားပေးခြင်း၊ စားနပ်ရိက္ခာဈေးကွက်အပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားကောင်းလာစေရန် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖြန့်ဖြူးခြင်း၊ အကြောင်း အကျိုးညီညွတ်သော ထုတ်လုပ်မှု ဆုံးဖြတ်ချက်ချရန် တောင်သူများကို လမ်းညွှန်ခြင်း၊ စီမံခန့်ခွဲမှု မူဝါဒများကို ထိရောက်စွာ ဆောင်ရွက်ခြင်း၊ လိုအပ်နေသူများကို ဦးတည်သည့် လယ်ယာဝင်ငွေ အထောက်အပံ့ အစီအမံများ ရေးဆွဲခြင်းတို့ ပါဝင်ပါသည်။

ယခုတင်ပြချက်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် နိုင်ငံတော်မှ အမျိုးသား အဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို အားပေးထောက်ခံလျက် အကြံပြု တင်ပြလိုက်ရပါသည်။ ။

***၂၀.၅.၂၀၂၀ နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာမောင်မောင်တာ၏ "စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု" ဆောင်းပါးအား ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

***ဆောင်းပါးကဏ္ဍ*** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု [ဒေါက်တာမောင်မောင်တာ- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု [ဒေါက်တာမောင်မောင်တာ- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု [ဒေါက်တာမောင်မောင်တာ- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှု [ဒေါက်တာမောင်မောင်တာ- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]