Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]

July, 24 2020

***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]

ယခုမြန်မာနိုင်ငံတွင် လက်ရှိလူဦးရေမှာ (၅၄.၆၅) သန်းရှိပြီး တိုးတက်လာမည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာ လိုအပ်ချက်သည်လည်း တိုးတက်လာမည်ဖြစ်ပါသည်။ ထို့အတူ ရေသယံဇာတ အရင်းအမြစ်များသည် ရာသီဥတုဖောက်ပြန်မှုနှင့် လူအများ၏ဘက်စုံသုံးစွဲမှုကြောင့် တဖြည်းဖြည်း လျော့နည်းလာပြီး ရေရှားပါးမှုကို ကြုံတွေ့ဖွယ် ဖြစ်လာပါသည်။ ရေရှားပါးမှုဖြစ်လာလျှင် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို ထိခိုက်နိုင်ရုံမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ ဝင်ငွေကို လျော့ပါးထိခိုက်စေမှာ ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝအရင်းအမြစ်ရေရှိနိုင်မှု အကန့်အသတ် ဖြစ်ပေါ် နေခြင်းနှင့် အပင်များ မျိုးသုန်းပျောက်ကွယ် ပျက်စီးခြင်းတို့ကြောင့် မိုးခေါင်နေမှုများ ဖြစ်ပေါ် နေပြီဖြစ်ရာ စပါးစိုက်ခင်း များတွင် ရေအကြိမ်ကြိမ်သွင်းပေးရခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားခြင်း၊ တစ်ဧကဝင်ငွေ အကျိုးအမြတ်နည်းပါးရခြင်းတို့ကို သုတေသီများက နည်းလမ်းမျိုးစုံဖော်ထုတ်၍ ဖြေရှင်းရမည် ဖြစ်ပါသည်။

သုတေသနပြု ဖော်ထုတ်ရာတွင် မည်သည့် သီးနှံမဆို ခံနိုင်ရည်ရှိသည့်မျိုးနှင့် နည်းစနစ်များ ဖော်ထုတ် ရေးသည် အဓိကအရေးကြီးပါသည်။ ယခုအခါတွင် စိုက်ပျိုးရေကို အကျိုးရှိရှိ ချွေတာသုံးစွဲ နည်းစနစ်ဖြစ်သည့် ရေစိုတစ်လှည့်ခြောက်တစ်ခါ ရေထိန်းစနစ် “Alternate Wetting and Drying” (AWD) ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဖော်ထုတ်ရရှိခဲ့ပါသည်။ ဤနည်းစနစ်သည် တစ်ဧကစပါး အထွက်နှုန်းကို မထိခိုက်စေဘဲ ရေလိုအပ်မှု အနည်းဆုံးဖြင့် စိုက်ပျိုးနိုင်သည့်နည်းစနစ် ဖြစ်ပါသည်။

ဤနည်းစနစ်သည် စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေလျော့နည်းတိုင်း ရေပေး သွင်းရမည့် အစား၊ ရေတိုင်းကိရိယာ (Field Water Tube) ကို သွင်း၍ မြေမျက်နှာပြင်အောက် (၆) လက်မအနက်တွင် ရေ မရှိမှ ရေတစ်ဖန်ပြန်လည် သွင်းပေးခြင်းဖြစ်သောကြောင့် အလိုအပ်ဆုံး အချိန် ရောက်မှသာ ရေပေးသွင်းသည့် စနစ်ဖြစ်ပါသည်။ ရေတိုင်းကိရိယာကို တောင်သူလယ်သမားများသည် (၆) လက်မ (သို့မဟုတ်) (၈) လက်မ အချင်းရှိသည့် (PVC) ပလပ်စတစ်ပိုက် (သို့မဟုတ်) ဝါးလုံးပိုက်များဖြင့် ပြုလုပ်နိုင်ပြီး စိုက်ခင်းတမန်းမြေတွင် မြေမျက်နှာပြင်အောက် (၈) လက်မ မုပ်၍ မြေပေါ်တွင် (၆) လက်မ ဖော်ထားရပါမည်။ မြေမျက်နှာပြင်၌ ရေစိမ့်ဝင်နိုင်ရန် အချင်း (ဝ.၂၅) လက်မခန့်ရှိသည့် အပေါက်များကို (ဝ.၇၅) လက်မ ခြားဖောက်ထားရပါမည်။ ဤနည်းစနစ်ဖြင့် ရေသွင်းခြင်းသည် တောင်သူသမားရိုးကျ နည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာ မလိုခြင်းကြောင့် လုပ်အားခ ချွေတာနိုင်ပြီး၊ ကုန်ကျစရိတ်လည်း သက်သာစေပါသည်။

ရေတစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရန် လိုအပ်သည့် ကာလသည် မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ (၃-၇) ရက်ထားရှိနိုင်သဖြင့် ရေပေးသွင်းရမည့်အကြိမ်နှင့် စုစုပေါင်း သွင်းရေပမာဏကို လျော့နည်းစေပါသည်။ တောင်သူသမားရိုး ကျ ရေထိန်းစနစ်ထက် စိုက်ပျိုးရေကို (၁၈ မှ ၂၃) ရာခိုင်နှုန်းအထိ သက်သာစေပြီး၊ ရေကို လျော့နည်း၍ သုံးစွဲရသော်လည်း စပါးအထွက်နှုန်းကို ထိခိုက်ခြင်း မရှိသောနည်းစနစ်ဖြစ်ပါ သည်။

ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နှင့် ပူးပေါင်း၍ ဆည်ရေသောက် လယ်စပါးများတွင် ရေထိန်းစနစ်များဖြစ်သည့် (၁) မြေမျက်နှာပြင် အောက် (၆) လက်မ အနက်ရောက်မှ သော်လည်းကောင်း၊ (၂) မြေမျက်နှာပြင်အောက် (၁၀) လက်မ အနက်ရောက်မှသော်လည်းကောင်း၊ (၃) မြေမျက်နှာ ပြင်အောက် (၁၂) လက်မ အနက်ရောက်မှ သော်လည်းကောင်း ရေမရှိမှ ရေတစ်ဖန် ပြန်လည်သွင်းပေးခြင်းကို ရေတိုင်းကိရိယာများသုံး၍ သုတေသနပြု ဆောင်ရွက်ခဲ့ရာတွင် စပါးအထွက်နှုန်းကို မထိခိုက်စေသည့်အပြင် တောင်သူ သမားရိုးကျ ရေထိန်းစနစ်ထက် စိုက်ပျိုးရေကို (၂၀-၂၅) ရာခိုင်နှုန်းခန့် ချွေတာနိုင်ကြောင်း လက်တွေ့ တွေ့ရှိခဲ့ပါသည်။ အောက်ဖော်ပြပါဇယားသည် သီးထပ်ရင်စပါး၏ ရေထိန်းစနစ်အလိုက် စုစုပေါင်းသုံးစွဲသည့် ရေပမာဏနှင့် အထွက်နှုန်းကို ဖော်ပြထားခြင်းဖြစ်ပါသည်။

သီးထပ်ရင်စပါး၏ ရေထိန်းစနစ်အလိုက် အထွက်နှုန်းနှင့် ရေသုံးစွဲမှုမှတ်တမ်းမှာ-

၁။ မြေမျက်နှာပြင်အောက် (၆)လက်မ အနက် ရေမရှိမှ ရေတဖန်ပြန်လည်သွင်းပေးခြင်း- အထွက်နှုန်း ~ ၁၁၆.၀ တင်း/ ဧက၊ သုံးစွဲရေ ပမာဏ ~၁၁၇၄.၀ မီလီမီတာ၊ ရေချွေတာနိုင်မှု ~ ၂၀.၄၇%
၂။ မြေမျက်နှာပြင်အောက် (၁၀)လက်မ အနက် ရေမရှိမှ ရေတဖန်ပြန်လည်သွင်းပေးခြင်း- အထွက်နှုန်း ~ ၁၁၀.၀ တင်း/ ဧက၊ သုံးစွဲရေ ပမာဏ ~ ၁၁၂၄.ဝ မီလီမီတာ၊ ရေချွေတာနိုင်မှု ~ ၂၃.၈၅%
၃။ မြေမျက်နှာပြင်အောက် (၁၂)လက်မ အနက် ရေမရှိမှ ရေတဖန်ပြန်လည်သွင်းပေးခြင်း- အထွက်နှုန်း ~ ၁၁၄.၀ တင်း/ ဧက၊ သုံးစွဲရေ ပမာဏ ~ ၁၁၆၃.၇ မီလီမီတာ၊ ရေချွေတာနိုင်မှု ~၂၁.၁၇%
၄ တောင်သူသမားရိုးကျနည်း - အထွက်နှုန်း ~ ၁၀၂.၀ တင်း/ ဧက၊ သုံးစွဲရေ ပမာဏ ~ ၁၄၇၆.၂ မီလီမီတာ
(တောင်သူသမားရိုးကျနည်းတွင် စိုက်ကွက်အတွင်း ရေ (၂) လက်မထိန်းထားခြင်းဖြစ်ပါသည်။)

စပါးခင်းများအတွက် ရေကို အချိန်အခါမရွေးသွင်းရန် လွယ်ကူသောဒေသများ၌ ရေထိန်းစနစ် ဖြစ်သည့် မြေမျက်နှာပြင်အောက် (၆) လက်မအနက် ရေမရှိမှ ရေတစ်ဖန်ပြန် လည်သွင်းပေးခြင်းဖြင့် လုပ်အားခ သက်သာစေပြီး စိုက်ပျိုးရေကို ချွေတာနိုင်သောကြောင့် စိုက်ပျိုးကုန်ကျစရိတ် သက်သာစေပါသည်။ ၎င်းအပြင် ဤရေထိန်းစနစ်သည် စိုက်ခင်းအတွင်း ရေလိုအပ်မှရေသွင်းရသဖြင့် ဆည်ရေ ကို အားကိုးရသောဒေသများအတွက် လက်ရှိလှောင်ရေပမာဏနှင့် စိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။

ရေရရှိရန်ခက်ခဲသောဒေသများ၊ ရေရှားပါးသောဒေသများ၌ ရေထိန်းစနစ်ဖြစ်သည့် မြေမျက်နှာပြင်အောက် (၁၀) လက်မအနက် ရေမရှိမှသော်လည်းကောင်း၊ မြေမျက်နှာပြင်အောက် (၁၂) လက်မ အနက် ရေမရှိမှသော်လည်းကောင်း ရေတစ်ဖန်ပြန်လည်သွင်းပေးခြင်းဖြင့် အထွက်နှုန်း ကို မထိခိုက်စေခြင်းကြောင့် ရေရှိရန်နေရာနှင့်ဝေးသော စပါးစိုက်လယ်များအတွက် သင့်လျော်သော ရေထိန်းစနစ်များဖြစ်ပါသည်။

၎င်းအပြင်ဤရေထိန်းစနစ်ကြောင့် စပါးပင်၏ ပြင်ပရုပ်သွင်လက္ခဏာများ၊ အပင်ဇီဝကမ္မဆိုင်ရာ လက္ခဏာများ၊ အထွက်မိတ်ဖက်လက္ခဏာများကိုလည်း ထိခိုက်မှုမရှိကြောင်း တွေ့မြင်ခဲ့ ရပါသည်။ AWD ရေထိန်းစနစ်အခြေအနေကိုလိုက်၍ ရေသွင်းရမည့်အကြိမ် (Frequency) နှင့် ရေတစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရမည့်ကာလ (Interval) များရှိသဖြင့် မြေအောက်ရေကို အားကိုးရသော မြစ်ရေတင်ဒေသများအတွက် ကုန်ကျစရိတ် သက်သာစေသည့်အပြင်၊ စပါးစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်သောကြောင့် မိုးခေါင်၍ ပူပြင်း ခြောက်သွေ့သော ဒေသများအတွက် သင့်တော်သော ရေထိန်းစနစ်နည်းပညာဖြစ်ပါသည်။ အောက်ဖော်ပြပါ ဇယားသည် ရေထိန်းစနစ်အလိုက် သဲဆန်သောမြေတွင် သွင်းရမည့်အကြိမ်နှင့် ကွာဟသောကာလကို ဖော်ပြခြင်းဖြစ်ပါသည်။

စမ်းသပ်ချက်အလိုက် ရေသွင်းရမည့်ကာလ (Interval) နှင့် အကြိမ် (Frequency) မှတ်တမ်း
(သဲဆန်သောမြေ)
၁။ မြေမျက်နှာပြင်အောက် (၆)လက်မ အနက် ရေမရှိမှ ရေတဖန်ပြန်လည်သွင်းပေးခြင်း- တစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရမည့်ကာလ ~ ၄-၅ ရက်ခြား၊ ရေသွင်းရမည့် အကြိမ် ~၂၀ ကြိမ်
၂။ မြေမျက်နှာပြင်အောက် (၁၀)လက်မ အနက် ရေမရှိမှ ရေတဖန်ပြန်လည်သွင်းပေးခြင်း- တစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရမည့်ကာလ ~ ၇-၈ ရက်ခြား၊ ရေသွင်းရမည့် အကြိမ် ~ ၁၄ ကြိမ်
၃။ မြေမျက်နှာပြင်အောက် (၁၂)လက်မ အနက် ရေမရှိမှ ရေတဖန်ပြန်လည်သွင်းပေးခြင်း- တစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရမည့်ကာလ ~ ၁၀-၁၄ ရက်ခြား၊ ရေသွင်းရမည့် အကြိမ် ~၇ ကြိမ်
၄။ တောင်သူသမားရိုးကျနည်း - တစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရမည့်ကာလ ~ ၂ ရက်ခြား၊ ရေသွင်းရမည့် အကြိမ် ~ ၄၉ ကြိမ်

ဤရေထိန်းစနစ်တစ်မျိုးမျိုးကို အသုံးပြုမည်ဆိုလျှင်
၁) စိုက်ကွက်မြေမျက်နှာပြင် ညီညာရပါမည်။
၂) ကန်သင်းကောင်း၍ ကန်သင်းလုံရပါမည်။
၃) သမန်းကောင်းရပါမည်။
၄) ပေါင်းမြက်များ အချိန်အခါမှီ ကာကွယ်နှိမ်နင်းရပါမည်။
၅) ရေသွင်းရေထုတ်မြောင်းများ ကောင်းရပါမည်။
၆) ပန်းမပွင့်ခင်နှင့် ပန်းပွင့်ပြီး (၁) ပတ် ရေအနက် (၂) လက်မခန့် ထိန်းထားရပါမည်။

ဤရေထိန်းစနစ်ကိုအသုံးပြုမည်ဆိုပါက စိုက်ပျိုးရေကို ချွေတာနိုင်သည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas) ထွက်ရှိမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် စိုက်တန်းကြား လေဝင် လေထွက်ကောင်းစေပြီး စပါးပင် အတွက် လိုအပ်သော အာဟာရဓာတ်ရရှိနိုင်မှုကို တိုးတက်စေပြီး အမြစ်ဖွဲ့စည်းမှု အားကောင်း လာသဖြင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်စေပါသည်။ စိုက်ခင်းမြေကို အလှည့်ကျ အခြောက်ခံ ထားခြင်းဖြင့် မလိုလားအပ်သောပင်ပွားများထွက်ရှိမှုကို ဟန့်တားနိုင်ပြီး စိုက်ခင်းရှိအနှံပါ ပင်ပွား များ အားကောင်း၍ စပါးအထွက် ပိုမိုမြင့်မားစေပါသည်။

သို့ဖြစ်ပါသောကြောင့် ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကို လျော့နည်းသက်သာစေရန် စပါး ခင်းများတွင် တောင်သူသမားရိုးကျနည်းအတိုင်း ရေအမြဲထိန်းထားရန် မလိုအပ်ဘဲ၊ ရေစို တစ်လှည့်ခြောက်တစ်ခါ (AWD) ရေထိန်းစနစ်ကို အသုံးပြုသင့်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီး ဌာနမှ တွေ့ရှိချက်များ နှင့်အတူ သတင်းကောင်းပါးလိုက်ရပါသည်။

Credit: Dr-Khin Mar Htay၊ ရေအသုံးချရေးသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန

၂၀.၇.၂၀၂၀ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ-၂၃ ပါ ဆောင်းပါးရှင် ဒေါက်တာခင်မာဌေး၏ " ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" ဆောင်းပါးအား ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]***ဆောင်းပါးကဏ္ဍ*** "ပြောင်းလဲရာသီလိုက်လျောညီ စိုက်ရေချွေတာမည်" [ဒေါက်တာခင်မာဌေး- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]