Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

လယ်ယာလုပ်ငန်းများတွင် ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်

May, 13 2020

လယ်ယာလုပ်ငန်းများတွင် ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လာမည့်စိုက်ပျိုးရာသီတွင် လယ်ယာထုတ်ကုန်သီးနှံများ ထုတ်လုပ်မှုမကျဆင်းစေရေးနှင့် လတ်တလော ကမ္ဘာ့နိုင်ငံ အနှံ့ အပြားတွင် ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါကြောင့် လယ်ယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူလယ်သမားကြီးများ ထွန်ယက်ရေး၊ မျိုးရရှိရေး၊ သွင်းအားစုများ ရရှိသုံးစွဲရေးနှင့် ရင်းနှီး မြှုပ်နှံမှုငွေကြေး အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေ၊ အထောက်အပံ့နှင့် နိုင်ငံတော်ဘတ်ဂျက်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းရှိ ဧက (၂) သိန်းတွင် သီးနှံစုံ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် စံပြကျေးရွာများတွင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အစီအစဉ်ဖြင့် တောင်သူများနှင့် အကျိုးတူလယ်ယာစနစ် (Contract Farming) ဧက (၂) သိန်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ စုစုပေါင်းဧက (၄) သိန်း အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။

၂။ အဆိုပါဧက (၄) သိန်းတွင် ဆောင်ရွက်ရမည့် ပျိုးထောင်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ပျိုးနှုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ ပေါင်းသတ်ဆေး/ ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ ရေသွင်း/ ရေထုတ်ပြုလုပ်ခြင်း၊ မျိုးကွဲပယ်နှုတ်ခြင်းအပါအဝင် အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ ခူးဆွတ်ခြင်း၊ သန့်စင်ခြင်း၊ ထုပ်ပိုးခြင်းစသည့် လုပ်ငန်းများတွင် လုပ်သားများစွာလိုအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေါ်ပေါက်မည်ဖြစ်ပါသည်။

၃။ သို့ပါ၍ ဖော်ပြပါလယ်ယာလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန (နေပြည်တော်၊ ရုံးချုပ်)၊ ဖုန်း- ၀၆၇-၄၁၀၅၂၆ သို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ်၍ စာရင်းပေးသွင်းထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

Credit: စိုက်ပျိုးရေး- ပြန်ကြားရေးဌာနစိတ်

လယ်ယာလုပ်ငန်းများတွင် ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်