Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ရေ၊ မြေဒေသနှင့် ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းနှင့် နှမ်းနက်မျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန

June, 5 2020

ရေ၊ မြေဒေသနှင့် ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းနှင့် နှမ်းနက်မျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန

ရာသီဥတုပြောင်းလဲမှုကြောင့် ဆည်ရေရရှိမှုနည်းသောဒေသများတွင် စိုက်ပျိုးရေ အကျိုးရှိစွာ အသုံးပြု၍ သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (ADSP Project) အစီအစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြောက်ယမား၊ မာလဲနတ်တောင်၊ ဆင်သေနှင့် ငလိုက် ဆည်ရေသောက်ဒေသများတွင် ရေအနည်းလို သီးနှံများဖြစ်သည့် ပဲတီစိမ်းနှင့် နှမ်းသီးနှံ မျိုးယှဉ်ပြိုင် သုတေသနစမ်းသပ်မှုများကို ၂၀၂၀ ပြည့်နှစ်၊ မိုးကြိုရာသီတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ADSP Project အစီအစဉ်ဖြင့် မဲဇလီကုန်းကျေးရွာမှ တောင်သူ ဦးဇော်ဝင်းနှင့် ငကောင်းကံကျေးရွာမှ တောင်သူ ဦးကျော်လွင်တို့၏ စိုက်ခင်းများအတွင်း စိုက်ပျိုးထားသော မိုးကြိုရာသီ ပဲတီစိမ်းနှင့် နှမ်းသီးနှံ အထွက်ယှဉ်ပြိုင် စမ်းသပ်ကွက်များ၏ စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ADSP Project တာဝန်ခံ သုတေသနမှူး ဒေါ်မြတ်နွယ်နွယ်၊ သုတေသနအရာရှိ ဒေါက်တာခင်မျိုးဝင်း၊ လက်ထောက်သုတေသနအရာရှိ ဦးကျော်စွာဝင်း၊ ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ပါသည်။

ပျဉ်းမနားမြို့နယ်သည် ADSP Project ၏ ဒုတိယအဆင့် စီမံကိန်းဖြစ်သော ငလိုက်ဆည်ရေသောက်ဧရိယာတွင် ပါဝင်ပြီး၊ မိုးကြို (နွေ) ရာသီတွင် ပဲတီစိမ်းနှင့် နှမ်းသီးနှံကို အဓိကထား စိုက်ပျိုး လျက်ရှိပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ငလိုက်ဆည် ရေသောက်ဧရိယာရှိ တောင်သူ့စိုက်ခင်းများအတွင်းတွင် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန် သည့် ပဲတီစိမ်းမျိုးများ ရရှိရန်ရည်ရွယ်၍ အလားအလာကောင်းသည့် ပဲတီစိမ်းမျိုး (၃)မျိုးအား ထုတ်ဝေပြီး မျိုးများနှင့် နှိုင်းယှဉ်၍သော်လည်းကောင်း၊ နှမ်းနက်မျိုးသစ်များ ရရှိရန်အတွက် အလားအလာ ကောင်းမွန်သည့် နှမ်းနက်မျိုး (၃)မျိုးနှင့် ထုတ်ဝေပြီး နှမ်းနက်မျိုးများကို နှိုင်းယှဉ်၍သော်လည်းကောင်း သုတေသနပြု စမ်းသပ်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ADSP Project ဖြင့်ဆောင်ရွက်သည့် သုတေသနစမ်းသပ်ချက်များအရ မကြာမီကာလအတွင်း တောင်သူများ ကြိုက်နှစ်သက်၍ အရည်အသွေး ကောင်းမွန်ကာ အထွက်နှုန်းကောင်းသည့် ပဲတီစိမ်းမျိုးနှင့် နှမ်းနက်မျိုးများကို မျိုးသစ်အဖြစ် ထုတ်ဝေနိုင်မည်ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

Credit: Myat Nwe Nwe ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေ၊ မြေဒေသနှင့် ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းနှင့် နှမ်းနက်မျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသနရေ၊ မြေဒေသနှင့် ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းနှင့် နှမ်းနက်မျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသနရေ၊ မြေဒေသနှင့် ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းနှင့် နှမ်းနက်မျိုးများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန