Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ရေဆင်း စပ်မျိုးနေကြာ- ၁ မိဘလိုင်း မျိုးသန့်ထိန်းသိမ်းခြင်းသုတေသန

July, 28 2020

ရေဆင်း စပ်မျိုးနေကြာ- ၁ မိဘလိုင်း မျိုးသန့်ထိန်းသိမ်းခြင်းသုတေသန

ရေဆင်းစပ်မျိုးနေကြာ- ၁ သည် တစ်ဧကအထွက်နှုန်းနှင့် ဆီထွက်နှုန်းကောင်းခြင်း၊ အသက်လျှင်ခြင်း၊ ယိုင်လဲမှုဒဏ်ခံနိုင်ခြင်းနှင့် ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ခြင်းစသော အရည်အချင်းလက္ခဏာများကြောင့် မြန်မာနိုင်ငံအဝှမ်းရှိ နေကြာစိုက်တောင်သူများ အများဆုံးစိုက်ပျိုးနေသည်ဖြစ်ရာ၊ ရေဆင်း စပ်မျိုးနေကြာ- ၁ မျိုးသန့် ရရှိရေးအတွက် မိဘမျိုးလိုင်းများ ထိန်းသိမ်းပွါးများခြင်းသည် သုတေသနပညာရှင်များအတွက် အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်သီးနှံသုတေသနဌာနစုမှ တာဝန်ခံ ဒေါက်တာခင်မျိုးဝင်း၊ နေကြာသီးနှံ တာဝန်ခံ ဒေါ်နန်းပပဝင်း၊ ဒေါ်ခင်စန်းဝင်းနှင့် သုတေသနပညာရှင်များသည် ရေဆင်းစပ်မျိုးနေကြာ- ၁ ၏ မိဘလိုင်းဖြစ်သော အမလိုင်းမျိုးသန့် ထိန်းသိမ်းပွါးများခြင်း သုတေသနလုပ်ငန်းအဖြစ် အမလိုင်း (A) နှင့် မျိုးထိန်းလိုင်း (B) တို့အား အကွက်လိုက် သီးသန့်စိုက်ပျိုးခြင်း (Block Sowing) ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ရေဆင်းစပ်မျိုးနေကြာ- ၁ သည် တောင်သူအများစု ကြိုက်နှစ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်သောကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံရန်အတွက် တိုးမြှင့် စိုက်ပျိုးလျက်ရှိခြင်းတို့ကြောင့် ရေဆင်းစပ်မျိုးနေကြာ- ၁ မျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးရန်လိုအပ်ကြောင်း၊ အရည်အသွေးကောင်း ရေဆင်းစပ်မျိုးနေကြာ - ၁ မျိုးသန့်များအား တောင်သူများ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးအတွက် မိဘလိုင်း မျိုးသန့်ထိန်းသိမ်းခြင်း လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းနှင့် မျိုးသန့်ထိန်းသိမ်းရာတွင် အကွက်လိုက် သီးသန့်စီ စိုက်ပျိုးခြင်း (Block Sowing) သည် ပိုမိုသန့်စင်၍ အရည်အသွေးကောင်းမျိုးစေ့များ ရရှိမည်ဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးစဉ်အတွင်း မှာကြားခဲ့ပါသည်။

ရေဆင်းစပ်မျိုးနေကြာ- ၁ သည် ပြည်တွင်းတွင် မျိုးကူးစပ်မွေးမြူ၍ ပထမဦးဆုံး စီးပွါးဖြစ် ထုတ်လုပ်သော စပ်မျိုးနေကြာမျိုးဖြစ်ပြီး၊ မိဘမျိုးအတွဲမှာ (A 42 × R 15) ဖြစ်ပါသည်။ ရေဆင်းစပ်မျိုး နေကြာ- ၁ ၏ အရည်အချင်း လက္ခဏာများမှာ သက်တမ်း (၈၀- ၈၅) ရက်၊ အပင်အမြင့် (၄ - ၄.၅) ပေ၊ အပွင့်အချင်း (၅ - ၉) လက်မ၊ အစေ့တစ်ထောင် အလေးချိန် (၄၅- ၅၀) ဂရမ်၊ တစ်ဧကအထွက် (၅၅- ၆၀) တင်း၊ ဆီထွက်ရာခိုင်နှုန်း (၄၈- ၅၁) ဖြစ်ပြီး၊ ထူးခြားချက်မှာ အသက်လျှင်ခြင်း၊ ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိခြင်းနှင့် ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်းတို့ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

Credit: သုတေသနပညာရှင်များ၊ ဆီထွက်သီးနှံသုတေသနဌာနစု

ရေဆင်း စပ်မျိုးနေကြာ- ၁ မိဘလိုင်း မျိုးသန့်ထိန်းသိမ်းခြင်းသုတေသနရေဆင်း စပ်မျိုးနေကြာ- ၁ မိဘလိုင်း မျိုးသန့်ထိန်းသိမ်းခြင်းသုတေသန