Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် ပဲပုပ်စိုက်နည်းစနစ်ဆွေးနွေးပွဲကျင်းပ

September, 1 2020

ပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် ပဲပုပ်စိုက်နည်းစနစ်ဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေသုတေသနဦးစီးဌာန၊ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ၏ ရှမ်းပြည်နယ်ဒေသကိုယ်စားပြု သုတေသနဗဟိုဌာန (RRC) အဖြစ် အဆင့်မြှင့်တင်ရေး အစီအစဉ်အရ တောင်သူအခြေပြု သုတေသနများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ အလားအလာကောင်း ပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် စိုက်နည်းစနစ်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁) ရက်နေ့၊ နံနက် (၈) နာရီက ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ရွာတော်ရွာရှိ တောင်သူ ဦးထွန်းရီ၏ စိုက်ခင်းတွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကလောမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ၊ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံနှင့်သုတေသနဝန်ထမ်းများ၊ ဖိတ်ကြားထားသော ရွာတော်၊ ဈေးကုန်း၊ နန်းချဉ်၊ ဟင်းခါးကုန်း၊ သရက်ပင်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှုးများနှင့် စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေပွဲတွင် အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်က ပဲပုပ်သီးနှံသည် ဈေးကွက်တည်ငြိမ်ပြီး၊ အာဟာရဓါတ် ကြွယ်ဝသည့်သီးနှံဖြစ်ကြာင်း၊ မြေဆီလွှာအတွက်လည်း အကျိုးရှိသော သီးနှံဖြစ်ကြောင်း၊ ယခုကဲ့သို့ တောင်သူ့စိုက်ကွက်တွင် လာရောက်စိုက်ပျိုးပြသရခြင်းမှာ ဒေသနှင့်ကိုက်ညီသောမျိုး၊ စိုက်ပျိုးနည်းစနစ်များကို တောင်သူများကိုယ်တိုင် လက်တွေ့လေ့လာနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် အစားထိုးသီးနှံများ စဉ်းစား၊ ရှာဖွေကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးပြသထားသော ပဲပုပ်မျိုး (၆) မျိုးအား သေချာလေ့လာ၍ မိမိကြိုက်နှစ်သက်သောမျိုးအား မဲပေးရွေးချယ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းထွန်းက ပြောင်းသီးနှံအားနှစ်စဉ် ဆက်တိုက်စိုက်ပျိုးပါက မြေဆီဩဇာထိခိုက် ပျက်စီးနိုင်ကြောင်း၊ ပဲပုပ်သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါက ပိုမိုသင့်တော်ပါကြောင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် နန်းတိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းရီက နန်းတိုင်းဒေသတွင် တောင်သူအများစု စိုက်ပျိုးနေသော ဂျင်း၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီ၊ ပန်းမုံလာများတွင် ကြုံတွေ့ရသည့် ပြဿနာများ များပြားလာသောကြောင့် အစားထိုးစိုက်ပျိုးနိုင်သည့် သီးနှံများသည် အရေးကြီးပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသော တောင်သူများမှ ပဲပုပ်မျိုး (၆) မျိုးအား ကွင်းဆင်းအကဲဖြတ်၍ ကြိုက်နှစ်သက်သော ပဲပုပ်မျိုးများအား မဲစနစ်ဖြင့် ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ သရုပ်ပြမျိုး (၆) မျိုးထဲတွင် တောင်သူအကြိုက်ဆုံးမျိုးမှာ အစေ့ကြီး၍ အသက်လျင်သော ရေဆင်းပဲပုပ်-၁၄ မျိုး ဖြစ်ပြီး၊ ဒုတိယအကြိုက်ဆုံးမျိုးမှာ ရှမ်းဝါလုံးကြီးဟု အများခေါ်သော ရေဆင်းပဲပုပ်-၂ မျိုးဖြစ်၍ တတိယအကြိုက်အများဆုံးမှာ ရေဆင်းပဲပုပ်-၁၂ မျိုး တို့ဖြစ်ကြောင်း သိရှိရခြင်းအား သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

ပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် ပဲပုပ်စိုက်နည်းစနစ်ဆွေးနွေးပွဲကျင်းပပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် ပဲပုပ်စိုက်နည်းစနစ်ဆွေးနွေးပွဲကျင်းပ