Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

နှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသန

September, 21 2020

နှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသန
သီးနှံ ဗီဇကွဲမျိုးများ မ, ပျက်စီး၊ မ, ပပျောက်စေရေးအတွက်နှင့် အနာဂတ်တွင် မျိုးစပ်မွေးမြူရေးပညာရှင် (Palnt Breeders) များအနေဖြင့် အရည်အသွေးနှင့် အထွက်ကောင်း သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရေးအတွက် သီးနှံဗီဇကွဲမျိုးများ၊ မျိုးရိုင်းများကို မပျောက်ဆုံးခင် အချိန်မီ ရှာဖွေစုဆောင်း၍ မျိုးစေ့ဘဏ်၏ နှစ်တို၊ နှစ်လတ် အအေးခန်းအတွင်း သိုလှောင်ထိန်းသိမ်းထားရာ၊ ယခု ၂၀၂၀ ပြည့်နှစ်အထိ နှစ်လတ်အအေးခန်းတွင် သီးနှံဗီဇကွဲမျိုး စုစုပေါင်း (၁၃၂၈၆) သိုလှောင်ထိန်းသိမ်းထားရှိပြီးဖြစ်ပါသည်။
ယင်းကဲ့သို့ မျိုးစေ့ဘဏ် အအေးခန်းအတွင်း သိုလှောင်ထားသည့် သီးနှံဗီဇမျိုးကွဲများထဲမှ နှံစားသီးနှံ ဗီဇမျိုးကွဲများအား အပင်ပေါက်စွမ်းရည် မလျှော့ကျစေရန်အတွက် သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်းသုတေသနလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၏ လမ်းညွှန်မှုဖြင့် မျိုးစေ့ဘဏ်ရှိ သုတေသနပညာရှင်များက ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ သုတေသနတွင် အသုံးပြုသော နှံစားသီးနှံဗီဇမျိုးကွဲများမှာ နှံစားပြောင်း (၂၃၀) မျိုး၊ လူးနှင့်ဆတ် (၂၀) မျိုးနှင့် ပြောင်း (၅၀) မျိုးဖြစ်ရာ၊ စုစုပေါင်း မျိုးကွဲဗီဇ (၃၀၀) မျိုးအား သုတေသနပြု စိုက်ပျိုးထားခြင်းဖြစ်ပါသည်။
နှံစားပြောင်းသီးနှံသည် တိရိစ္ဆာန်စာအဖြစ် အသုံးဝင်သည့်အပြင်၊ သဘာဝလောင်စာဆီနှင့် သကြားထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ထို့အပြင် အချို့ဒေသများတွင် ဆန်နှင့်ရော၍ ချက်ပြုတ်စားသောက်သကဲ့သို့၊ ခေါင်ရည်ချက်ရာတွင်လည်း အသုံးပြုသည့်အတွက် များစွာအသုံးဝင်သည့် သီးနှံဖြစ်ပါသည်။ လူးနှင့်ဆတ်သည် အာဟာရတန်ဖိုး ပြည့်ဝသော သီးနှံများဖြစ်သော်လည်း၊ ယခုအခါ အသုံးပြုမှုနည်းပါးလာသည့်အတွက် လစ်လျှူရှုခံသီးနှံများဖြစ်လာပြီး၊ စိုက်ပျိုးမှုနည်းလာသဖြင့် မျိုးပျောက်ကွယ်မှုကို ကာကွယ်ရန် လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါသောကြောင့် နှံစားပြောင်း၊ ပြောင်းနှင့် လျစ်လျှူရှု့သီးနှံဖြစ်သော လူးနှင့်ဆတ် သီးနှံများ၏ ဗီဇမျိုးကွဲများ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရန်နှင့် ယင်းသီးနှံများတွင် ပါရှိသော အရည်အသွေးနှင့် အာဟာရတန်ဖိုးများ ဖော်ထုတ်ခြင်းဖြင့် သီးနှံမျိုးသစ်များထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ရတနာသေတ္တာဟု တင်စားခေါ်ရသည့် မျိုးစေ့ဘဏ်တွင် ထိန်းသိမ်းထားရှိကာ၊ စုဆောင်းရရှိသော သီးနှံဗီဇကွဲမျိုးများကို စိုက်ပျိုးလေ့လာ၍ မျိုးကွဲအလိုက် ရုပ်သွင်ပြင် လက္ခဏာများအားလေ့လာခြင်း သုတေသနများကို ဆောင်ရွက်နေခြင်းအား မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။
Credit: Ohm Saw၊ Phoo Khin၊ မျိုးစေ့ဘဏ်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန
နှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသနနှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသနနှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသနနှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသန