Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကြက်ဟင်းခါး မျိုးသစ်များအား တောင်သူများထံဖြန့်ဝေနိုင်ရေးအတွက် မျိုးစေ့ပွားများထုတ်လုပ်ခြင်း သုတေသန

April, 12 2020

တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကြက်ဟင်းခါး မျိုးသစ်များအား တောင်သူများထံဖြန့်ဝေနိုင်ရေးအတွက် မျိုးစေ့ပွားများထုတ်လုပ်ခြင်း သုတေသန

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုအနေဖြင့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်မျိုးသစ်များ ရှာဖွေဖော်ထုတ်ရန်နှင့် အထွက်နှုန်းတိုးတက်၍ စီးပွားရေးတွက်ခြေကိုက်ကာ စားသုံးမှု လုံခြုံစိတ်ချရသည့် စိုက်ပျိုးနည်းစနစ်များ ရှာဖွေဖော်ထုတ်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်အဖြစ် သဘာဝ ဝတ်မှုံကူးမျိုးများဖြစ်သည့် AVBG 1301 နှင့် AVBG 1304 ကြက်ဟင်းခါး မျိုးသစ်နှစ်မျိုးတို့မှာ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (TSC) သို့ မျိုးသစ်အဖြစ် အသိအမှတ်ပြုရန်အတွက် လျှောက်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ သဘာဝ ဝတ်မှုံကူး ကြက်ဟင်းခါးမျိုးသစ်များ၏ မျိုးစေ့ထုတ်လုပ်ခြင်း (Selfing) သုတေသနကိုလည်းကောင်း၊ စပ်မျိုးကြက်ဟင်းခါး ထုတ်လုပ်ရန်အတွက် အမလိုင်းနှင့် အဖိုလိုင်း မျိုးစပ်ခြင်းလုပ်ငန်းကိုလည်းကောင်း ဌာနစုတာဝန်ခံ ဒေါ်‌လုဘူ၏ ကြီးကြပ်မှုဖြင့် သုတေသနပညာရှင်များဖြစ်သော ဒေါ်သိင်္ဂီမြင့်နှင့် ဒေါ်အေးသူဇာမြင့်တို့က ကွင်းသုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်ခဲ့သည့် သုတေသန၏ မှတ်တမ်းအချက်အလက်များနှင့် သုတေသနတွေ့ရှိချက်များအရ ကြက်ဟင်းခါး မျိုးသစ်နှစ်မျိုးဖြစ်သည့် AVBG 1301 နှင့် AVBG 1304 တို့သည် အနိမ့်ဆုံးအပူချိန် (၁၈) ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် (၄၁) ဒီဂရီ စင်တီဂရိတ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ခြင်း၊ ဖားဥမှို၊ ဒေါင်းနီးမှိုနှင့် ဖရုံသခွားဗိုင်းရပ်စ် ရောဂါဒဏ်ခံနိုင်ရည် အသင့်အတင့်ရှိခြင်း၊ အထွက်နှုန်းမြင့်မားခြင်း၊ အသီးအရည်အသွေးကောင်းမွန်ခြင်းစသည့် အရည်အချင်း လက္ခဏာများရှိသည့် မျိုးများဖြစ်ခြင်းကြောင့်၊ မကြာမီအချိန်အတွင်း စိုက်ပျိုးထုတ်လုပ်သူ တောင်သူများလက်ဝယ်သို့ ဖြန့်ဝေ၍ စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၏ သုတေသနအောင်မြင်မှုရလဒ်အဖြစ် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကြက်ဟင်းခါး မျိုးသစ်များအား တောင်သူများထံဖြန့်ဝေနိုင်ရေးအတွက် မျိုးစေ့ပွားများထုတ်လုပ်ခြင်း သုတေသနတစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကြက်ဟင်းခါး မျိုးသစ်များအား တောင်သူများထံဖြန့်ဝေနိုင်ရေးအတွက် မျိုးစေ့ပွားများထုတ်လုပ်ခြင်း သုတေသန