Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ဂလိုင်ရီစီးဒီးယား (Gliricidia) အား သစ်စိမ်းမြေသြဇာအဖြစ် သုံးစွဲနည်း

September, 3 2020

ဂလိုင်ရီစီးဒီးယား (Gliricidia) အား သစ်စိမ်းမြေသြဇာအဖြစ် သုံးစွဲနည်း

စပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာများကို စနစ် တကျသုံးစွဲရမည့် နှုန်းထားနှင့် နည်းများသာမက သဘာဝ မြေသြဇာအဖြစ် သတ်မှတ်နိုင်သော သစ်စိမ်းမြေသြဇာတစ်မျိုးဖြစ်သည့် ဂလိုင်ရီစီးဒီးယား (Gliricidia) ကို စပါးစိုက်ပျိုးသော လယ်မြေများတွင် သုံးစွဲနိုင်ပါသည်။

ဂလိုင်ရီစီးဒီးယား (Gliricidia) သည် ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး မခုတ်ဖြတ်ဘဲထားပါက (၃၀) ပေ မှ (၃၆) ပေ အထိ မြင့်တက်နိုင်ပါသည်။

မြေအမျိုးအစားများစွာ၌ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်းကြောင့် လယ်မြေတွင်သာမက ယာမြေ များ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင် လေကာတန်းပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

ဂလိုင်ရီစီးဒီးယား (Gliricidia) ပင်ကို ပဲလွမ်း၊ ပိုက်ဆံလျှော် အစရှိသော သစ်စိမ်းများကဲ့သို့ သီးခြားစိုက်ပျိုးရန် မြေနေရာ မလိုအပ်ဘဲ ကန်သင်းရိုးတွင်လည်း စိုက်ပျိုးနိုင်ပါသည်။

ပဲလွမ်း၊ ပိုက်ဆံလျှော် အစရှိသည့် သစ်စိမ်းတို့သည် မိုးနှောင်းရာသီတွင်သာ စိုက်ပျိုးနိုင်သဖြင့် တစ်နှစ်လျှင် သစ်စိမ်းတစ်ကြိမ်သာ ထည့်သွင်းခွင့် ရရှိသော်လည်း ဂလိုင်ရီစီးဒီးယား (Gliricidia) သစ်စိမ်းကိုမူ စပါးစိုက်ပျိုးသည့် ရာသီတိုင်းတွင် ထည့်သွင်းပေးနိုင်ပါသည်။

မိမိထည့်သွင်းလိုသည့် သစ်စိမ်းပမာဏ အတိအကျကို တွက်ချက်ကာ ထည့်သွင်းပေးနိုင်ပါသည်။

ဂလိုင်ရီစီးဒီးယား (Gliricidia) သည် ကော်ဖီပင်များအတွက် အရိပ်ပင်အဖြစ် စိုက်ပျိုးနိုင်ပြီး အကြမ်းခံနိုင်သော အပင်ဖြစ်ပါသည်။

 ဂလိုင်ရီစီးဒီးယား (Gliricidia) အပင်များ စိုက်ပျိုးခြင်း

၁။ ပင်ကြား၊ တန်းကြား (၂၀) ပေအကွာ စိုက်ပါက တစ်ဧကလျှင် (၁၀၈) ပင် ဝင်ဆံ့ပြီး၊ ပင်ကြား၊ တန်းကြား (၁၀) ပေအကွာ စိုက်ပါက တစ်ဧကလျှင် (၄၃၅) ပင် ဝင်ဆံ့ပါသည်။
၂။ ပင်ကြား (၂၀) ပေ × တန်းကြား (၂၀) ပေ တစ်ဧကစိုက်ကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် (၅) တန်နှင့် ထင်းကိုင်း အစိုအလေးချိန် (၂) တန် ရရှိနိုင်ပါသည်။
၃။ ပင်ကြား (၁၀) ပေ × တန်းကြား (၁၀) ပေ တစ်ဧကစိုက်ကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် (၁၉) တန်နှင့် ထင်းကိုင်း အစိုအလေးချိန် (၉) တန် ရရှိနိုင်ပါသည်။
၄။ တစ်ဧကအတွက် သစ်စိမ်း (၂) တန် ထည့်သွင်းလိုပါက အပင် (၈၆) ပင် လိုအပ်မည်ဖြစ်ပါသည်။
၅။ (၅) နှစ်သားအရွယ် ဂလိုင်ရီစီးဒီးယား (Gliricidia) အပင် (၅) ပင်ကို ခုတ်ဖြတ်ပါက အရွက်အစိုအလေးချိန် (၂၁၄) ကီလိုဂရမ် နှင့် ထင်းကိုင်းအစိုအလေးချိန် (၁၀၃) ကီလိုဂရမ် ရရှိမည် ဖြစ်ပါသည်။
၆။ အစေ့မှစိုက်လျှင် (၂၄) လအကြာ၊ ကိုင်းဖြတ်စိုက်လျှင် (၁၈) လအကြာတွင် ကိုင်းစတင် ခုတ်သိမ်းနိုင်ပါသည်။
၇။ တစ်ကြိမ် ကိုင်းခုတ်ပြီးပါက ရေ၊ မြေ၊ ရာသီဥတု အပေါ်မူတည်၍ (၃) လ မှ (၅)လ အကြာတွင် နောက်တစ်ကြိမ် ပြန်လည် ခုတ်နိုင်ပါသည်။

 စပါးစိုက်ပျိုးရာတွင် ဂလိုင်ရီစီးဒီးယား (Gliricidia) အသုံးပြုနည်း

၁။ ဂလိုင်ရီစီးဒီးယား (Gliricidia) အပင်များကို ခုတ်ပြီး လယ်မြေတွင် ပြန့်နှံ့အောင် ဖြန့်ခင်းထားပါ။
၂။ (၁၀) ရက်အကြာတွင် အရွက်များကြွေသွားပြီဖြစ်၍ ကိုင်းခြောက်များကောက်ယူပြီး ထင်းအဖြစ်လည်းကောင်း၊ ခြံစည်းရိုးတိုင်များအဖြစ်လည်းကောင်း သုံးနိုင်ပါသည်။
၃။ ပြန့်နှံ့နေသောအရွက်များကို စက်ဖြင့်ဖြစ်စေ၊ နွားထယ် ဖြင့်ဖြစ်စေ ထယ်ထိုး မြေမြှုပ်ရပါသည်။

 ဂလိုင်ရီစီးဒီးယား (Gliricidia) အသုံးပြုခြင်း၏ အကျိုးကျေးဇူး

၁။ နိုက်ထရိုဂျင် ကြွယ်ဝသော ဂလိုင်ရီစီးဒီးယား (Gliricidia) ကို လယ်မြေတွင် တစ်ဧကလျှင် (၂) တန်နှုန်း ထည့်ပေးခြင်းဖြင့် စပါးအထွက် (၂၅) မှ (၃၀) ရာခိုင်နှုန်း တိုးလာနိုင်ပါသည်။
၂။ နှစ်ရှည်ထည့်သွင်းပေးခြင်းဖြင့် မြေဆီထက်သန် လာနိုင်ပါသည်။
၃။ သစ်စိမ်းအဖြစ်သာမက အရိုးများကို လောင်စာထင်းအဖြစ် သုံးနိုင်ပါသည်။
၄။ တောင်သူများအတွက် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာစေပါသည်။

ဂလိုင်ရီစီးဒီးယား (Gliricidia) တွင် ပါဝင်သော အပင်အာဟာရဓာတ်များ

နိုက်ထရိုဂျင် ~ ၂.၉၆ %
ဖော့စ်ဖရပ် ~ ဝ.၁၈ %
ပိုတက်စီယမ် ~ ဝ.၈၀ %
သစ်ဆွေးဓာတ် ~ ၅၃.၂၅ %
C : N ~ ၁၈:၂၅

မူရင်း- မြေဆီလွှာသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် ဂလိုင်ရီစီးဒီးယား (Gliricidia) အား မြေသြဇာအဖြစ် သုံးစွဲနည်း လမ်းညွှန်စာစောင်

Credit: Khin Thant ၊ မြေဆီလွှာသုတေသနဌာနစု

ဂလိုင်ရီစီးဒီးယား (Gliricidia) အား သစ်စိမ်းမြေသြဇာအဖြစ် သုံးစွဲနည်းဂလိုင်ရီစီးဒီးယား (Gliricidia) အား သစ်စိမ်းမြေသြဇာအဖြစ် သုံးစွဲနည်း