Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သို့ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

June, 26 2019

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သို့ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် စိုက်ပျိုးရေး သုတေသနပညာရှင်များအဖွဲ့သည် ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်မှုအား တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် နည်းပညာများဖြန့်ဝေရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သို့ ၂၀၁၉ ဇွန်လ (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့တို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အပင်ရောဂါသုတေသနဌာနစု တာဝန်ခံ၊ ပိုးမွှားသုတေသနဌာနစု တာဝန်ခံနှင့် သက်ဆိုင်ရာ သုတေသနပညာရှင်များနှင့် လူငယ်စိုက်ပျိုးရေး သုတေသီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေး ပညာပေးဝန်ထမ်းများ ပူးပေါင်း၍ နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်အုပ်စု၊ နမ့်လင်းခမ်ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာတို့မှ တောင်သူ့ပြောင်းစိုက်ခင်းနှင့် ကြံစိုက်ခင်းများသို့ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် နောင်ချိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးသို့ ရောက်ရှိ၍ အနောက်ကြူအင်းကျေးရွာ၊ ကြိမ်ဂနိုင်ကျေးရွာ၊ ရေမည်းတွင်းကျေးရွာ၊ မျက်ချင်းနုကျေးရွာနှင့် ကံ့ကော်ကျေးရွာများမှ တောင်သူများနှင့် တွေ့ဆုံ၍ ဖောငမြှောင်တောင်ပိုး (FAW) ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တောင်သူများကြုံတွေ့နေရသည့် ပြဿနာများအား ဖြေရှင်းပေးနေပါကြောင်း၊ ယခုကျရောက်နေသော ဖောငမြှောင်တောင်ပိုး (FAW) နှင့် ပတ်သက်၍လည်း စစ်တမ်းများကောက်ယူ၍ အဖြေရှာပြီး တောင်သူများထံ နည်းပညာများ ဖြန့်ဝေပေးလျှက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ဖြန့်ဝေထားသော နည်းပညာများအား စနစ်တကျ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင်လည်း မိမိတွင်ရှိပြီးသား ဗဟုသုတများနှင့် ပေါင်းစပ်ကာ အသုံးပြုသင့်ပါကြောင်း၊ ယခုခေတ်တွင် စားသုံးသူများက ကျန်းမာသည့် အစားအစာများကို စားသုံးလိုလာသည့်အတွက်လည်း အန္တရာယ်ကင်းသည့် အစားအစာများကို ထုတ်လုပ်မှသာ စျေးကွက်ရရှိမည်ဖြစ်၍ ဓာတုပိုးသတ်ဆေးများကို စနစ်တကျ သုံးစွဲရန်လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို သုံးစွဲမည်ဆိုပါက သတ်မှတ်ထားသည့် အညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအနေဖြင့်လည်း နေရာတိုင်း မရောက်ရှိနိုင်သည့်အတွက် နည်းပညာများအား အကျိုးဆောင်တောင်သူများမှတစ်ဆင့် တောင်သူမှ တောင်သူသို့ အချင်းချင်းဖလှယ်သည့် နည်းစနစ်အား ကျင့်သုံးရန် တိုက်တွန်းပါကြောင်းနှင့် အရည်အသွေးကောင်း၍ စျေးကွက်ရရှိသည့် သီးနှံများရရှိရန် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ (GAP) စိုက်နည်းစနစ်များကို စနစ်တကျ လိုက်နာကျင့်သုံးသင့်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်မှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးပြီး တောင်သူများထံ နည်းပညာများ မျှဝေပေးလျှက်ရှိပါကြောင်း၊ ဖောငမြှောင်တောင်ပိုး (FAW)နှင့် ပတ်သက်၍ နှိုးဆော်ချက်များ ထုတ်ပြန်ထားပါကြောင်း၊ ပိုးကျရောက်ခြင်းခံရသော တောင်သူများအနေဖြင့်လည်း အချိန်မရွေး မေးမြန်းနိုင်ရန်အတွက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပေးအပ်ထားပါကြောင်း၊ တောင်သူများသည်လည်း ပြောင်းစိုက်ခင်းအား ကင်းထောက်စောင့်ကြည့်ရန် လိုအပ်ပါကြောင်းနှင့် FAW နှိမ်နင်းရန်အတွက် တောင်သူများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြာခဲ့ပါသည်။ ၎င်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပိုးမွှားသုတေသနဌာနစု တာဝန်ခံ ဒေါက်တာခင်သိန်းညွန့်က ဖောငမြှောင်တောင်ပိုး (FAW) ၏ သဘာဝ၊ နေထိုင်စားသောက်ပုံ၊ ဖျက်စီးမှုလက္ခဏာ၊ ဖျက်ပိုး၏ဘဝစက်ဝန်းနှင့် ကြိုတင်ကာကွယ်နှိမ်းနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တောင်သူများသိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အပင်ရောဂါသုတေသနဌာနစု တာဝန်ခံ ဒေါ်စီစီမြင့်က ဇီဝပိုးသတ်ဆေးများ (Entomopathogenic Fungi) မှိုအကြောင်း သိကောင်းစရာများထဲမှ ဇီဝပိုးသတ်ဆေး ဗော့ဗျူးရီးယားမှို (Beauveria bassiana) နှင့်ပတ်သက်၍ အကျိုးပြုပုံ၊ အသုံးပြုနည်းတို့အား ရှင်လင်းပြောကြားခဲ့ပါသည်။ ဗော့ဗျူးရီးယားမှိုသည် အင်းဆက်ပိုးများကို ကပ်ပါးပြု၍ အင်ဇိုင်းနှင့် ကွန်ပေါင်းအမျိုးမျိုး ထုတ်လုပ်ပြီး အင်းဆက်ပိုးမွှားများ၏ အရေပြားကို ထိကပ်၊ ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း၊ ဇီဝပိုးသတ်ဆေးများသည် အပင်ကိုမထိခိုက်စေဘဲ အင်းဆက်ကိုသာ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ အင်းဆက်ကို ဝင်ရောက်ပြီးပါက အင်းဆက်တွင် မှိုတက်ခြင်းလက္ခဏာ ဖော်ပြခြင်း၊ အပင်စိမ့်ထွက်ရည်ကြောင့် မှိုတွင် စပိုးများဖြစ်ပေါ်ပြီး ပင်ရည်ပျံခြင်းဖြစ်စဉ်သည် မှိုမျိုးပွားနှုန်းမြန်လာစေခြင်း၊ Entomogenous Fungi သည် အဓိကအားဖြင့် Destruxin နှင့် Aflatoxin အဆိပ်ထုတ်လုပ်ပြီး အင်းဆက်ကို အဆိပ်သင့်စေခြင်းဖြင့် နှိမ်နင်းနိုင်ကြောင်းကို တောင်သူများသိရှိနားလည်အောင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် စိုက်ပျိုးရေးသုတေသနပညာရှင်များနှင့် ပညာပေးဝန်ထမ်းများအဖွဲ့သည် နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ စမ်းသပ်သုတေသနပြုထားသော ဖောငမြှောင်တောင်ပိုး (FAW) အား ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် (Integrated Pest Management - IPM) အသုံးပြုထားသည့် ပြောင်းစိုက်ခင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး၊ အဆိုပါ IPM စနစ် အသုံးပြုကာ FAW ကာကွယ်နှိမ်နင်းသည့် ပြောင်းသုတေသနစိုက်ခင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြု ထုတ်လုပ်ထားသည့် အကျိုးပြု အဏုဇီဝကပ်ပါးမှိုဖြစ်သည့် ဗော့ဗျူးရီးယားမှို၊ ဇီဝပိုးသတ်ဆေးအား ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရန် ပြောင်းစိုက်ခင်းအတွင်း တစ်ပတ်ခြားတစ်ခါ ဖျန်းပေးရန် လက်တွေ့ပြသခဲ့ပါသည်။ ညပိုင်းတွင် နောင်ချိုမြို့နယ်၊ မျက်ချင်းနုကျေးရွာရှိ တောင်သူ ဦးပူတူးအောင်၏ ပြောင်းစိုက်ခင်းတွင် အလင်းထောင်ခြောက်များ (Light Trap)၊ အနံ့ထောင်ခြောက်များအား ထားရှိ၍ ဖောငမြှောင်တောင်ပိုး (FAW)အား ကာကွယ်နှိမ်နင်းသည့် နည်းစနစ်အား တောင်သူစိုက်ခင်း အရောက်လက်တွေ့ပြသခဲ့ပြီး၊ တောင်သူများမှ သိရှိလိုသည့်အကြောင်းအရာများ မေးမြန်းခြင်းအား ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

? ဓါတ်ပုံမှတ်တမ်း ဦးဇေယျာမင်း

? သတင်းမှတ်တမ်း ဒေါ်ပွင့်ဖြိုးခိုင်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သို့ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သို့ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း